Connect with us

Education & Health

ပညာရေး ရုပ်သံလိုင်း ၂၀၁၈-၁၉ တွင် ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ပညာရေးအသိဉာဏ် ဗဟုသုတရရှိစေရန်နှင့် ဝေးလံ ဒေသများရှိ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများအတွက် သင်ကြား သင်ယူမှု လုပ်ငန်းများ၊ ပညာရေးဆိုင်ရာ အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့် ပြသနိုင်ရန် ပညာရေး ရုပ်သံလိုင်း သီးခြား ထုတ်လွှင့်နိုင်ရေးအတွက် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

“လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အနေ နဲ့လိုအပ်တဲ့ စက်ပစ္စည်းများ ဝယ်ယူရေးအတွက် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ လျာထား တင်ပြ တောင်းခံ ဆောင်ရွက်သွားပါမယ်၊ Studio တည်ဆောက်ခြင်း၊ ရိုက်ကူးရေး စက်များ ဝယ်ယူ တပ်ဆင်ခြင်းနဲ့ Studio မှ ရန်ကုန် 9-Meter Earth Station သို့ လိုအပ်မယ့် Fiber ဆက်ကြောင်း ငှားရမ်းခြင်းတို့ကိုတော့ ပညာရေး ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ပြန်ကြား ရေး ဝန်ကြီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး တင်သွင်းခဲ့သည့် “မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲမှု အထောက်အပံ့ဖြစ်စေရန်နှင့် ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန်တို့အတွက် အစိုးရ၏ ပညာရေး ရုပ်မြင် သံကြားလိုင်း (Government Education TV Channel ) တစ်လိုင်း သီးခြား ထုတ်လွှင့်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့က စတင်၍ ထောက်ခံ ဆွေးနွေးခဲ့ပြီး ယနေ့ဇူလိုင် ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျန် ကိုယ်စားလှယ် လေးဦးတို့က ဆက်လက် ဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ သဘောထားကို လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပညာရေး ရုပ်သံလိုင်းကို MRTV ၏ multi-channel တွင် ထည့်သွင်း ထုတ်လွှင့်သွားမည် ဖြစ်ရာ ပညာရေးဝန်ကြီးဌာနက တည်ဆောက်ထားသည့် studio မှ ပညာရေးဌာန၏ ရုပ်သံ အစီအစဉ် များကို ရန်ကုန်မြို့ ပြည်လမ်းရှိ ဂြိုဟ်တု မြေပြင် အခြေစိုက်စခန်း (9 – Meter Earth Station) သို့ fiber ဖြင့် ပေးပို့၍ ၎င်းဂြိုဟ်တုမှ နေပြည်တော် တပ်ကုန်း MRTV ရုံးသို့ ပေးပို့ပြီး ထိုမှတစ်ဆင့် multi-channel တွင် လက်ရှိ ထုတ်လွှင့်နေသည့် digital ရုပ်သံလိုင်းများနှင့်အတူ ပေါင်းစပ်ကာ ဒေသ အသီးသီးရှိ ရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံ ၁၄၅ ရုံသို့ ပေးပို့ ထုတ်လွင့်ရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။ (Xinhua)