Connect with us

Education & Health

မူးယစ် ဆေးဝါး သုံးစွဲနေသူများ ဆေးကုသ ဖြတ်တောက်ရန် ဆေးစွဲ ကုသဌာန စုစုပေါင်း ၇၃ ခု တိုးချဲ့ ဖွင့်လှစ်ထား

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအား ရန်ကုန်မြို့၌ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ- MKS)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါး သုံးစွဲနေသူများ အတွက် ဆေးကုသ ဖြတ်တောက်ရန် တစ်ပြည်လုံးတွင် အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သော မူးယစ်ဆေးစွဲ ကုသဌာနကြီး ၂၆ ခု၊ ဆေးစွဲ ကုသ ဌာနငယ် ၄၇ ခု စုစုပေါင်း ၇၃ ခုအား လုပ်ငန်း လိုအပ်ချက်အရ တိုးချဲ့ ဖွင့်လှစ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေး မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ကျန်းမာရေး ဝန်ကြီး ဌာနသည် ၁၉၇၆ ခုနှစ် မှ ၂၀၀၂ ခုနှစ်အတွင်း မူးယစ် ဆေးစွဲ ကုသဌာနကြီး (၆) ခု၊ မူးယစ် ဆေးစွဲ ကုဌာနငယ် ၁၈ ခု စုစုပေါင်း ၂၄ ခု ဖွင့်လှစ် ထားရှိခဲ့ပြီး ၂၀၀၂ ခုနှစ် အမိန့် ကြော်ငြာစာ အမှတ် (၄/၂၀၀၂) နှင့် (၅/၂၀၀၂) ဖြင့် မူးယစ်ဆေးစွဲ ကုသဌာနကြီး ၂၀ ခုနှင့် မူးယစ် ဆေးစွဲ ကုသ ဌာနငယ် ၂၂ ခုအား တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးစွဲ ကုသဌာနကြီး ၂၆ ခု၊ ဆေးစွဲ ကုသဌာနငယ် ၄၀ ခု စုစုပေါင်း ၆၆ ခု ဖွင့်လှစ် ပေးခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာ၌ မူးယစ် ဆေးစွဲကုဌာနအဖြစ် ဖွင့်လှစ်ထားခြင်း မရှိသော်လည်း မြို့နယ်များနှင့် နယ်စပ်ဆေးရုံ ၄၉ ရုံတို့တွင် ဌာနအနေဖြင့် ဖွင်‌့လှစ်ခြင်းမရှိသော်လည်း မူးယစ် ဆေးစွဲ ကုသရေး အတွက် ဝန်ဆောင်မှု ပေးနိုင်ရန် အမိန့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် မူးယစ်ဆေးစွဲ သုံးစွဲမှုဆိုင်ရာ မြေပြင် စာရင်းဇယားများ အပေါ် မူတည်ပြီး ၇-၁-၂၀၁၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၄) ထုတ်ပြန်ပြီး မူးယစ် ဆေးစွဲ ကုသဌာနငယ် ၇ ခု တိုးချဲ့ ဖွင့်လှစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့ပြင် ဘိန်းအမျိုးအစား အာနိသင်ရှိသည့် ဟီးရိုအင်းကဲ့သို့သော မူးယစ်ဆေး သုံးစွဲသူများအကြား မသန့်ရှင်းသော ဆေးထိုးအပ်များဖြင့် သွေးကြောတွင် ထိုးသွင်းရာမှ အိပ်ခ်ျအိုင်ဗွီပိုးနှင့် အသည်းရောင် အသားဝါ စီပိုးကဲ့သို့သော ရောဂါများပြန့်နှံ့မှု လျော့နည်း ပပျောက်ရေး အတွက် မက်သာဒုံး ဆေးရည် အစားထိုး တိုက်ကျွေးရေး စီမံချက်ကို ၂၀၀၆ ခုနှစ်မှ စတင်၍ မူးယစ်ဆေးစွဲ ကုသဌာန ၄ ခုတွင် စမ်းသပ် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ် မက်သာဒုံး ဆေးရည် တိုက်ကျွေးရေး ဌာနပေါင်း ၄၁ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မက်သာဒုံး ဆေးရည် တိုက်ကျွေးရေး ဌာနတိုင်းသည် မူးယစ်ဆေးစွဲ ကုဌာနများ ဖြစ်ရန် မလိုအပ်ဘဲ လိုအပ်ချက်အရ စီမံချက်ရေး ဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ လက်ရှိ အချိန်အားဖြင့် မက်သာဒုံး ဆေးရည် တိုက်ကျွေးရေး ဌာနများမှာ မူးယစ် ဆေးစွဲသူပေါင်း ၉,၀၈၀ ဦးအား မက်သာဒုံး ဆေးရည်ဖြင့် နေ့စဉ် အစားထိုး တိုက်ကျွေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.