Connect with us

Education & Health

ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆ . ၇ သန်းခန့် ကုန်ကျရန် လျာထား

ကာကွယ်ဆေး (ထိုးဆေး) အသစ် ထည့်သွင်း ထိုးနှံခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော် အစိုးရက ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ ၆.၇ သန်းခန့် ကုန်ကျရန် လျာထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်က ပြောကြားသည်။

နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနတွင် ကျင်းပသော “ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်တွင် ပိုလီယို ကာကွယ်ဆေး (ထိုးဆေး) အသစ် ထည့်သွင်း ထိုးနှံခြင်း အထိမ်းအမှတ် အခမ်းအနား” တွင် ပြည်ထောင်စု ဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားသည်။

အဆိုပါ အမေရိကန် ဒေါ်လာ ၆.၇ သန်းခန့် ကုန်ကျရန် လျာထားသောကြောင့် ကလေး တစ်ဦးအတွက် ခုနစ်ဒေါ်လာခန့် ကုန်ကျခံသွား မည် ဖြစ်ပါကြောင်း ဝန်ကြီးက ဆိုသည်။

ကျန်းမာရေး အသုံးစရိတ်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ယခင် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်ကထက် ၈.၇ ဆခန့် ပိုမို သုံးစွဲနိုင်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ ကာကွယ် ဆေးထိုး လုပ်ငန်းသည် ၂ဝ၁၅ ခုနှစ် မေလမှ စတင်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကလေးငယ်များအား ကူးစက် ရောဂါပိုး ကိုးမျိုးမှ ကင်းဝေးစေရေး အတွက် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးလျှက် ရှိသည်။

ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းကို အာဆီယံနိုင်ငံများ၏ အဆင့်အတန်းနှင့် နိုင်ငံတကာအဆင့် အတန်း မီအောင် တိုးတက်မြင့်မား လာစေရေး၊ နိုင်ငံတော်၏ ဦးစားပေး ကျန်းမာရေး ပြဿနာများကို ဖြေရှင်း နိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် လျော့နည်းစေရေး၊ ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရေး၊ ပြည်သူ ဗဟိုပြု ကျန်းမာရေး ဝန်ဆောင်မှု စနစ် ဖွံ့ဖြိုး တိုးတက်လာ စေရေး စသည့် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ (Xinhua)