Connect with us

Education & Health

မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- ကျန်းမာရေးနှင့် အားကစားဝန်ကြီး)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Elizabeth Jackson နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေး (Reproductive Health Commodity Security)၊ မိသားစု သားဆက်ခြားစီမံကိန်းလမ်းညွှန်စာအုပ် (Family Planning Guidelines)များကို ခေတ်မှီ ကောင်းမွန်အောင် ပြုပြင်မွမ်းမံရေးဆွဲရာတွင် အကူအညီပေးမည့်ကိစ္စ၊ လိင်မှုဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးရပိုင်ခွင့် (Sexual Reproductive Health and Rights) များ ပိုမိုကောင်းမွန်လာစေရေး၊ လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရသောအမျိုးသမီး များအား အရေးပေါ်ပြုစုစောင့်ရှောက်ပေးရေး (Emergency Care)၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် 6th Asian and Pacific Population Conference -Mid-point Review သို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး၊ မိခင်သေဆုံးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း (Maternal Death Surveillance and Response)လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Elizabeth Jackson က တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

မျိုးဆက်ခြားကျန်းမာရေးနှင့် သားဆက်ခြားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများကိုဝယ်ယူရာတွင် ဈေးနှုန်း၊ အကျိုးအာနိသင်ထိရောက်မှု၊ ဆေးပစ္စည်း အမျိုးအစား အလိုက် သုံးစွဲသောအမျိုးသမီးဦးရေနှင့် ရရှိနိုင်သောဘဏ္ဍာရန်ပုံငွေတို့အပေါ် ခြုံငုံစဉ်းစား ပြီး ဝယ်ယူမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသော ဆေးပစ္စည်းရရှိနိုင်ရန် ဗဟိုမှ တာဝန် ယူကာ ဝယ်ယူဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများစီမံခန့်ခွဲမှုစနစ် (LMIS) အမျိုးမျိုးရှိနေသည်ကို သေချာစွာဆန်းစစ်လေ့လာပြီး အကျိုးရှိထိရောက်သော စနစ်တစ်ခုကို ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.