Connect with us

Education & Health

ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည်

ကာကွယ်ဆေးထိုးနေသော ကလေးငယ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလေးငယ်များအား ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါအားလုံး ဖြစ်ပွားသေဆုံးမှုများ လျော့နည်းပပျောက်စေရန် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဖြင့် ၉၀ ရာခိုင်နှုန်းအထက် လွှမ်းခြုံမှုရရှိရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးဌာနကဆိုသည်။

နှစ်စဉ် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ပြင်းထန်တီဘီရောဂါ၊ ပိုလီယိုအကြော သေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မွေးကင်းစကလေးမေးခိုင်ရောဂါနှင့် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများအပါအဝင် ရောဂါ ၁၁ မျိုး အတွက် အသက် တစ်နှစ် ခြောက်လအောက်ကလေးငယ်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ထိုးပေးလျက်ရှိကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်ပြီး Rota Virus ကြောင့် ဖြစ်ပွားသော ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ကာကွယ် ဆေးနှင့် နှစ်လယ်ပိုင်းတွင် အမျိုးသမီးများအတွက် သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ၁၁ မျိုးထိုးနှံသောအချိန်တွင် ဖြည့်စွက်ထိုးပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သည့် လုပ်ငန်းကို ဆောင်ရွက်နိုင်ပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်ထုတ် အစိုးရသတင်းအရသိရသည်။ (Xinhua)