Connect with us

Education & Health

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားများအား ၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာ ၁ ရက်မှစ၍ အချိန် တစ်လကျော်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကျင်းပစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ၊ ရာပြည့် သဘင် အခမ်းအနားများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစ၍ အချိန် တစ်လ ကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့် သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) သတင်း ထုတ်ပြန်မှုများ အရ သိရသည်။

အဆိုပါ အစည်းအဝေး (၁/၂၀၁၉) ကို ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ငယ်စဉ်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ တကယ့်ကို ဂုဏ်သရေ ထွန်းလင်းတောက်ပနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးဘ၀ ကျောင်းနေတဲ့ အချိန်ကစပြီးတော့ တက္ကသိုလ် ရောက်ချိန်လောက် အထိ၊ ရန်ကုန် တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုလို့ အားလုံးက ယုံကြည်ခဲ့ပါတယ်။ အင်မတန်မှလည်း ဂုဏ်ယူ ခဲ့ကြပါတယ်။ ဒီလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို ကျွန်မတို့အနေနဲ့ မျှော်မှန်းပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင် ပေါက်ဖွား လာခဲ့ သည့် မြန်မာနိုင်ငံ ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာ (၁) ရက်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မြောက်ပြီ ဖြစ်ပြီး ရာပြည့်ပွဲသဘင်ကို ဆင်ယင်ကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ၊ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ သဘင်ကို ခမ်းနား သိုက်မြိုက် ထည်ဝါစွာ ကျင်းပနိုင်ရေး အတွက် သေသေချာချာ ပြင်ဆင် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားနှင့် ရာပြည့် အကြို အခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးကို စနစ်တကျ စီမံ၍ အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးအတွက် မဟာစီမံကိန်း(Master Plan)ကို ချမှတ်ထားပြီး အဆိုပါ မဟာစီမံကိန်းကြီး အကောင်အထည်ဖော်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးစီးကော်မတီ(Steering Committee) နှင့် ပညာအရည်အသွေး မြှင့်တင်ရေး ကော်မတီ (Software Committee) ၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ (Hardware Committee) နှင့် ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ (University Charter Committee) များထပ်မံဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှစ၍ အချိန် တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး အကြိုလှုပ်ရှားမှုများအဖြစ် ကျောင်းသား၊ ကျောင်းသူ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ်အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ၊ ဆရာမ ကြီးများ အာစရိယ ပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် သုတေသန စာတမ်းများ၊ စာစောင်၊ စာအုပ်များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲများ ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တက္ကသိုလ် သမိုင်းပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်း စာစောင်များ ထုတ်ဝေခြင်း ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ပညာပေး စာတမ်းများ ရေးသားပြုစုခြင်း ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဆိုင်ရာ ပညာပေးစာတမ်းများ ပြုစုထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက် ဟောပြော ပွဲများ ၊ အဆောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသား ကျောင်းသူများ တီထွင်ထားသည့် သိပ္ပံ ပစ္စည်းများ၊ အိုင်တီပစ္စည်းများနှင့် ပရောဂျက်များအားပြသခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အိုင်တီ နည်းပညာဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ ၊ တက္ကသိုလ်နှင့် သက်ဆိုင်သော ရှေးဟောင်းရုပ်ရှင်များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ ဈေးရောင်း ပွဲများ ၊ ပဒေသာ ကပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.