Connect with us

Education & Health

ရောဂါထိန်းချုပ်ရေး ဗဟိုဌာန တရုတ်အစိုးရက ဆောက်ပေးမည်

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လိုအပ်လျက်ရှိသော ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ်ငွေ သန်း လေးရာ အကုန် အကျခံ တည်ဆောက် ပေးမည့် စီမံကိန်း သဘောတူ စာချုပ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ကျွန်တော် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့အချိန်မှာ ပြည်သူ့ ကျန်းမာရေး ကောင်းမွန်မြင့်မားလာ ဖို့ အစွမ်းကုန် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနကြီး တစ်ခု ပေါ်ပေါက် လာဖို့ မျှော်မှန်းခဲ့ပါတယ်၊ တရုတ်နိုင်ငံကို လေ့လာရေးသွားပြီး ပြန်လာတော့ ဒီစိတ်ကူးက ပိုပြီး အားကောင်းလာပါတယ်၊ ဝန်ကြီးဌာနက ဒါကို ရည်မှန်းချက်ထားပြီး စတင် ကြိုးပမ်းနေချိန် မှာ တရုတ်နိုင်ငံ အစိုးရကလည်း ကူညီဖို့ စိတ်အား ထက်သန်ခဲ့တယ်။ ၂၀၁၇ မှာ ယခင် နိုင်ငံတော် သမ္မတ ဦးကျော်ထင်နဲ့ ဒုတိယ သမ္မတတို့ တရုတ်နိုင်ငံကိုသွားခဲ့ပြီး တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး ဒါကို ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတဲ့အတိုင်း အခုလို အကောင်အထည် ဖော်နိုင်တာ ဖြစ်ပါတယ်” ဟု အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြစဉ် (ဆင်ဟွာ)

လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက ယခု စီမံကိန်းသည် ရောဂါ စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းခြင်းနှင့် ကာကွယ် ထိန်းချုပ်ခြင်းတို့ကို ပိုမို အားကောင်းလာစေမည့် အပြင် ကျန်းမာရေး လူ့စွမ်းအားရင်းမြစ်များအား စွမ်းရည် ပြည့်ဝအောင် လေ့ကျင့် သင်ကြားပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းလည်း ပြောကြားခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ဒီစီမံကိန်းဟာ တရုတ် – မြန်မာ နှစ်နိုင်ငံ အကြား ပိုမို နက်ရှိုင်းတဲ့ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှု ပြယုဂ် တစ်ခု ဖြစ်ပါတယ်၊ ဒီစီမံကိန်း ဖြစ်နိုင်ခြေ အခွင့်အလမ်းတွေကို သဘောတူ ခွင့်ပြုပေးခဲ့တဲ့နှစ်နိုင်ငံ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်၊ ရောဂါ ထိန်းချုပ်ရေးနဲ့ သင်ကြားရေး ဗဟိုဌာန ဟာ မြန်မာနိုင်ငံ အစိုးရ ရဲ ့ ပြည်သူ့ ကျန်းမာရေး မြှင့်တင်ရေး၊ ကျန်းမာရေး စနစ် တိုးတက် မြင့်မားရေး လုပ်ငန်းတွေအတွက် အခြေခံ အဆောက်အအုံပိုင်းရော နည်းပညာ ပံ့ပိုးကူညီမှု ပိုင်းမှာပါ အကျိုးပြုသွားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ မြန်မာ ပြည်သူလူထုဟာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရလာနိုင်ပါတယ်၊ မြန်မာပြည်သူလူထု ကျန်းမာရေး ပိုမိုကောင်းမွန်ပြီး အနာဂတ် ဘ၀ လှပစေဖို့ တရုတ်နိုင်ငံ အစိုးရအနေနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ ပူးပေါင်းပြီး ကျန်းမာရေး ဆိုင်ရာ အကူအညီတွေ ဆက်လက် ပံ့ပိုးသွားဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

မကြာမီ ဆောက်လုပ်တော့မည့် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က “ကျွန်တော်တို့နိုင်ငံမှာက တခြားနိုင်ငံတွေမှာလို ရောဂါထိန်းချုပ်ရေး ဗဟိုဌာနတွေ မရှိသေးဘူး၊ အခုက ရောဂါ ရှာဖွေပြီး ကာ ကွယ် နှိမ်နင်းရေး လုပ်တဲ့ ဌာန၊ အဆင့်မီ ဓာတ်ခွဲခန်း၊ သုတေသနဌာန၊ ကျန်းမာရေးပညာပေးဌာန၊ သင်ကြားရေး စတာတွေကို တစ်စုတစ်စည်းတည်း ပါဝင်တဲ့ နိုင်ငံတကာ အဆင့်မီ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနကြီးနဲ့ သင်ကြားရေး အဆောက်အအုံကြီးကို ယွမ်ငွေ သန်းလေးရာ အကုန်အကျခံပြီး ဆောက် လုပ်ဖို့ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက သဘောတူ လက်မှတ်ရေးထိုးလိုက်တာပါ၊ ဒီ အဆောက်အအုံကြီး ပြီးသွားရင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းတွေ ရလာမယ်၊ ရုတ်တရက် ဖြစ်ပွားတတ်တဲ့ ရောဂါဆန်းတွေကို ကာကွယ် နှိမ်နင်းဖို့ အဆင့်မြင့် ဓာတ်ခွဲစစ်ဆေးနိုင် ကုသပေး နိုင်လာမယ်၊ နိုင်ငံတော်အတွက် အများကြီး အကျိုးရှိမှာပါ။ စာချုပ်မှာ လက်မှတ်ထိုးပြီး ဖြစ်လို့ မကြာခင်မှာ စတင်ဆောက်လုပ်တော့မှာပါ။ နေပြည်တော် အဝင် ဒက္ခိဏ သီရိ မြို့နယ်၊ ကားဘီးခွန် ကောက်တဲ့နေရာ အနားက မြေဧက ၂၀ ပေါ်မှာ အဆောက်အအုံ သုံးခု ဆောက်မှာပါ” ဟု လက်မှတ် ရေးထိုးပွဲ အပြီးတွင် မီဒီယာကို ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.