Connect with us

Education & Health

မိသားစု စီမံကိန်းဖော်ဆောင်နိုင်လျှင် သားဖွားမိခင်သေဆုံးမှု ၃၀ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်

ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပစဉ်(MOI)

ရန်ကုန်၊ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မိသားစု စီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မိသားစုစီမံကိန်းဖော်ဆောင်ခြင်းအားဖြင့် လိုချင်သည့် ကလေးအရေအတွက်ကို ရယူ နိုင်မည်ဖြစ်ပြီး သားဆက်ခြားကာလကိုလည်း ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ မိသားစု စီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ပြီး အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကိုလည်း (၂၁)ရာခိုင်နှုန်း ထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်းတွင် သားဖွားမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ကလေးအရှင်(၁)သိန်း မွေးဖွားတိုင်း မိခင်(၂၈၂) ဦး သေဆုံးလျက်ရှိကြောင်း၊ နှစ်စဉ် မြန်မာနိုင်ငံတွင် မိခင်(၂၇ဝဝ)ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် သေဆုံးနေသည်ဟုစာရင်းများအရ သိရှိ ရကြောင်း ဒုတိယ သမ္မတက ပြောသည်။

သားဖွားမိခင်သေဆုံးမှု အရေအတွက်တွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း၏ (၁၂) ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးရခြင်း အကြောင်းရင်းများတွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုမှာ တတိယအများဆုံး ဖြစ်သည်ဟုသိရှိရကြောင်း ၎င်းကဆိုသည်။

အသက်(၁၅)နှစ်မှ (၁၉)နှစ်အတွင်း အမျိုးသမီးငယ်များသည်သားပျက်/သားလျှောနှုန်း အမြင့်ဆုံးကြုံတွေ့နေရပြီး မိခင်နှင့်မွေးကင်းစ ကလေးသေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့်ကလေး စောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်း အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် ကြရန်လိုအပ်ပြီး ယင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးပိုမိုကောင်းမွန်အောင်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများစွာရှိနေသည့်အထဲမှ အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ “မိသားစုစီမံကိန်းနည်းလမ်းများ”ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ အိမ်ထောင်သည်အမျိုးသမီး (၅၂)ရာခိုင်နှုန်းသည် မိသားစု စီမံကိန်းနည်းလမ်းများကို အသုံးပြုလျက်ရှိကြောင်း၊ အဆိုပါ (၅၂)ရာခိုင်နှုန်း အနက် ခေတ်မီနည်းလမ်းများကို အသုံးပြုမှုမှာ (၅၁)ရာခိုင်နှုန်းရှိပြီး (၁)ရာခိုင်နှုန်းမှာ မိရိုးဖလာနည်းလမ်းကိုသာ အသုံးပြုနေသည် ဟုသိရှိရကြောင်း၊ သို့သော် မျိုးဆက်ပွားနိုင် သည့် အသက်အရွယ်အတွင်းတွင်ရှိသည့် အိမ်ထောင်သည်အမျိုးသမီး (၁၆)ရာခိုင်နှုန်းမှာ ခေတ်မီသားဆက်ခြားနည်းလမ်းများ သုံးချင်သော်လည်း အသုံးပြုနိုင်မှုမရှိခြင်း၊ အိမ်ထောင် သည် အမျိုးသမီး (၅)ရာခိုင်နှုန်းမှာ ကလေး တစ်ဦးနှင့်တစ်ဦးအကြား အချိန်အတိုင်းအတာ တစ်ခုခြားလိုခြင်း၊ အိမ်ထောင်သည်အမျိုးသမီး (၁၁)ရာခိုင်နှုန်းမှာ မွေးဖွားမှုကိုကန့်သတ် လိုခြင်းစသည့် စိန်ခေါ်မှုများစွာရှိနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.