Connect with us

Education & Health

အမျိုးသားကျန်းမာရေးမူဝါဒသစ်၌ ဖြစ်ပွားမှုများပြားသော မကူးစက်တတ်သည့် ရောဂါများ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးထည့်သွင်းမည်

မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေအစည်းအဝေးကျင်းပစဉ်(ကျန်းမာရေး)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

အမျိုးသားကျန်းမာရေးမူဝါဒသစ်တွင် ဖြစ်ပွားမှုများပြားသော မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးထည့်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အမျိုးသားကျန်းမာရေးမူဝါဒကိုပြန်လည်ရေးဆွဲသည့်အခါ မူဝါဒနှင့်အတူ လုပ်ငန်းမဟာဗျူဟာ၊ လုပ်ငန်းများအကောင်အထည်ဖော်မှုမူဘောင်၊ ပူးပေါင်းဆောင်ရွက်မှုမူဘောင်၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှု ဆန်းစစ်မှုစနစ်၊ သုတေသနပြုလုပ်ဆန်းစစ်မှုစနစ်၊ ခိုင်မာတိကျသော ကျန်းမာရေးသတင်းအချက်အလက်စနစ်တို့ ယှဉ်တွဲပါဝင်ရမည်ဖြစ်ပါ ကြောင်း၊ ပြန်လည်ရေးဆွဲမည့်မူဝါဒသည် ကျန်းမာရေးကဏ္ဍကိစ္စရပ်များ ဖြစ်သော ပြောင်းလဲလျက်ရှိသော ကျန်းမာရေး အခြေအနေအရပ်ရပ်၊ ကျန်းမာရေးနည်းပညာများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အခြေ အနေများနှင့်သာမက လူမှုစီးပွားရေး၊ နိုင်ငံရေးစသောအခြေအနေ အရပ်ရပ်၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်လည်း ကိုက်ညီမှု ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်လေ့ကျင့်မှုမဟာ ဗျူဟာနှင့် စီမံကိန်းများသည် အလွန်အရေးကြီးကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများအတွက် သုတေသနစွမ်းရည်နှင့် ခွဲခြမ်း စိတ်ဖြာ သုံးသပ်နိုင်မှုစွမ်းရည်များမြှင့်တင်ရေးအတွက် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် Research Training Center ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ရောဂါကာကွယ်ဆေးထိုးခြင်းသာမက အခြား ကျန်းမာရေး စီမံချက် များမှ ကျန်းမာရေးအသိပညာ မြှင့်တင်မှုလုပ်ငန်းများကိုပါတွဲဖက်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

 

 မြန်မာနိုင်ငံတွင်(၁၉၉၃) ခုနှစ်၌ အဆိုပါခေတ်ကာလအခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့်အညီရေးဆွဲခဲ့သော အမျိုးသား ကျန်းမာရေး မူဝါဒရှိခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါအမျိုးသား ကျန်းမာရေး မူဝါဒကို ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန်အတွက် ပြန်လည်ရေးဆွဲနိုင်ရန် အမျိုးသား ကျန်းမာရေး မူဝါဒပြန်လည်ရေးဆွဲရေးဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် အတွင်းရေးမှူးအဖွဲ့တို့ ကိုဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)