Connect with us

Education & Health

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ၂၉၁,၇၉၈ ဦး ၊ အောင်ချက် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိ

Online မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းအား လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ၉၁၀,၂၂၉ ရှိသည့်အနက် ၂၉၁,၇၉၈ ဦး အောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ 

တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်တွင် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် အောင်ချက်အကောင်းဆုံး ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၇,၅၆၀ ဦး ရှိသည့်အနက် ၄၇,၈၄၉ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ရှိခဲ့ကြောင်း နှင့်  စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၅,၆၀၇ ဦး ရှိသည့်အနက် ၄၄,၁၇၀ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇  ရှိခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရသူ အရေအတွက် ၆၁၃,၇၅ ဦး ရှိသည့်အနက် တစ်ဘာသာ ဂုဏ်ထူးရှင် ၃၇,၁၅၂ ဦး ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၂,၉၅၇ ဦး ၊ သုံးဘာသာ ဂုဏ်ထူးရှင် ၅,၆၆၂ ဦး ၊ လေးဘာသာ ဂုဏ်ထူးရှင် ၂,၉၇၆ ဦး ၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁,၈၃၁ ဦး နှင့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၇၉၇ ဦး အသီးသီးရှိကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက် နှင့် ဂုဏ်ထူးဦးရေပြဇယားအား တွေ့ရစဉ်(ဓာတ်ပုံ – Ministry of Education, Myanmar) 

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား နှစ်အလိုက် နှိုင်းယှဉ်ချက်တွင် ၂၀၁၅ ခုနှစ်တွင် ၃၇ ဒသမ ၆၀ ရာခိုင်နှုန်း ၊ ၂၀၁၆ ခုနှစ်တွင် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ၊ ၂၀၁၇ ခုနှစ်တွင် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ၊ ၂၀၁၈ ခုနှစ်တွင် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း နှင့် ၂၀၁၉ ခုနှစ်တွင် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို COVID -19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး အဓိက ဦးစားပေးဆောင်ရွက်နေရသော ကာလဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန၏ Website များမှတစ်ဆင့် ဩဂုတ် ၉ ရက်တွင် စတင်အသိပေး ထုတ်ပြန်ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေး အတွက် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ၊ လမ်းညွှန်ချက်များ နှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာန ဖွင့်လှစ်သော ကျောင်းများတွင် ဖြန့်ဝေပေးထားသည့် အောင်စာရင်းများကို အောင်စာရင်း လာကြည့်သူများ တစ်ဦးနှင့် တစ်ဦး (Physical Distancing) အနည်းဆုံး ၆ ပေ ကွာခြား၍ ကြည့်ရှုနိုင်ရန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကြည့်ရှု ခွင့်ပြုရန် အတွက် စီစဉ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ Online ဖြင့် အောင်စာရင်းကြည့်ရှုရာတွင် အင်တာနက်လိုင်းမရသော ဒေသများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောဒေသများအတွက် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မေးမြန်းစုံစမ်းနိုင်ရန် Call Center အဖွဲ့ (၇) ဖွဲ့ဖြင့် လက်ခံဖြေကြား ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ (Xinhua)