Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်လျက်ရှိ၊ နောက်၂ ရက်အထိ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် 

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) 

ချင်းတွင်းမြစ်ရေသည်စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် သို့ ကျော်လွန်ရောက်ရှိနေကြာင်း၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာန မှဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ဆင်ဟွာကို ဇူလိုင် ၂၅ ရက်တွင်ပြောသည်။

“မြစ်ရေသတိပေးချက်ကို ပြည်သူတွေ အနေနဲ့ အထူးသတိပြုသင့်ပါတယ်။ တခါတလေမှာ မြစ်ရေက စိုးရိမ်ရေမှတ် မရောက်ခင် ၂ပေ၊ ၃ ပေလောက် လိုသေးပေမယ့် ကျွန်တော်တို့ သတိပေးချက်ထုတ်ပြန်ထား တဲ့ ရွာတစ်ချို့ မှာ မြစ်ရေစကြီးတတ်တယ်။ ဒါကြောင့် မြစ်ရေကြီးခြင်း ကို အထူးသတိပြုသင့်ပါတယ်။ စိုးရိမ် ရေမှတ် အထက်ဆိုရင် အဲ့ဒီ့ မြို့ နဲ့ အနီးတစ်ဝိုက်က ရွာတွေ ရဲ့ မြေနိမ့်ပိုင်းတွေမှာ ရေဝင်နိုင်ပါတယ်။’’ ဟု ဦးချစ်ထွေးထွန်းကပြောသည်။ 

ထို့ပြင် ဧရာဝတီမြစ်ရေ သည် ဧရာဝတီတိုင်းဒေသကြီး ဆိပ်သာမြို့တွင် နောက် ၁ ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။ 

“ဆိပ်သာမြို့ နဲ့ ဖောင်းပြင်မြို့ မှာ နေထိုင်သူတွေ အနေနဲ့ အထူးဂရုပြုနေထိုင်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြစ်ရေ သတင်းကို စဉ်ဆက်မပြတ်ထုတ်ပြန်နေပါတယ်။ မြစ်ရေအခြေအနေနဲ့ ပတ်သက်ပြီး သိရှိလိုရင် ကျွန်တော်တို့ ဌာန ကို အချိန်မရွေးဆက်သွယ်မေးမြန်းလို့ရပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ရွှေကူမြို့ တွင် (၂)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည်  နောက်(၁)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်းသိရသည်။

ထို့ပြင်ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း၊အဆိုပါမြစ်ရေသည်  နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေသတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)