Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင်ညအပူချိန်များ လျော့ကျ၍ အအေးပိုနိုင်ဟုဆို

မိုးဇလ၏ မိုးလေဝသခန့်မှန်းချက်ပြ ကောင်းကင်မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် နိုဝင်ဘာ ၇ရက်မှစ၍ ညအပူချိန်များ လျော့ကျ၍ အအေးပိုနိုင်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြောက်လေတိုက်ခိုက်မှုပေါ်မူတည်၍ တဖြည်းဖြည်းအေးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကဆင်ဟွာသို့ နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။

“ဒီရက်ပိုင်းမှာ မြောက်လေတိုက်ခိုက်မှုကြောင့် လေအေးတွေဝင်လာပြီး အအေးပေါ့လာနိုင်တယ်။ မြန်မာနိုင်ငံတောင်ဘက်က ပင်လယ်သမုဒ္ဒရာဘက်ကလေနွေးက အားလျော့ပြီး မြောက်ဘက်ကို မတက်နိုင်တဲ့ အချိန်၊ မြောက်ဘက်ကလေအေးက အားကောင်းတဲ့အချိန်၊ အဲဒီအချိန်နှစ်ခုဆုံရင် ပို အေးနိုင်တယ်။ လေအေးအားကောင်းပြီး လေနွေးလည်းဝင်လာတာမရှိဘူးဆိုရင်တော့ ပိုအေးလာနိုင်တယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မုတ်သုံမိုးသည် တောင်ဘက်မှစ၍ မိုးရွာကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့မှ စတင်၍ အပူချိန်လျော့နိုင်ကြောင်း ၎င်းက ဆိုသည်။ “လေအေးပိုအားကောင်းလာရင် မြောက်ဘက်ကိုကျော်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာအေးမယ်။ အလယ်ပိုင်း ပြီးရင်မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်ပြီးအေးလာမှာဖြစ်တယ်’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီ စင်တီဂရိတ်နှင့် ကချင်ပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ယခုရက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ထူးခြားသည့် ညအပူချိန်များမှာ ချင်းပြည်နယ် ဟားခါးမြို့တွင် (၈)ဒီဂရီစင်တီဂရိတ်နှင့် မင်းတပ်မြို့တွင် (၁၁)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.