Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုမှုကြောင့် သေဆုံးသူ ၂၉ ဦးထိ ရှိလာ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သြဂုတ် ၁၀ ရက် နံနက် ၁၀နာရီ ၃၀အချိန်ထိ သေဆုံးသူ ၂၉ ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

“ ဒီမနက်(သြဂုတ် ၁၀ရက်)ပိုင်းမှာတော့ အလောင်း ၆လောင်း ထပ်ရှာဖွေတွေ့ရှိထားတယ်၊ မနေ့က ရှာဖွေတဲ့အထဲ အသက်ရှင်တဲ့လူတွေရှာဖွေကယ်ဆယ်နိုင်တယ်၊ ဒဏ်ရာရတဲ့လူတွေကတော့ ၄၇ ယောက်လောက်ရှိမယ်၊ လူအင်အား၊ စက်အင်အားတွေနဲ့ ညက တစ်ညလုံးရော၊ ခုမနက်ထိပါ ရှာဖွေနေပါတယ်” ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဆင်ဟွာသို့ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ၊ ကားများ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ တောင်ပြိုကျမှုကြောင့် ပိမိနေသော လူများကို ရှာဖွေကယ်ဆယ်ရေးများ ၂၄ နာရီကျော်လာသည်အထိ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

“အသက်ရှင်နေမယ့်သူတွေကိုလဲ အသက်ရှင်နိုင်အောင်၊ အလောင်းတွေဆိုလဲ အလောင်းပြန်ရအောင် ကြိုးစားရှာဖွေနေပါတယ်”ဟု တောင်ပြိုကျသည့်နေရာတွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ရန်ကုန်-မော်လမြိုင် ကားလမ်းကို သြဂုတ် ၉ရက် ည ၇ နာရီတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)