Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အနီး အင်အား ရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ မြေငလျင် လှုပ်ရှား

ပုံစာ-မြေငလျင် လှုပ်ရှားခဲ့သည့် တည်နေရာပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုမြေငလျင်သည် ဇန်နဝါရီ ၁၂ ရက် ၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၅၆ မိနစ်၊ ၂၃ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၁၀၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်း ဖြစ်ကြောင်း သိရသည်။

မြေငလျင်သည် ဖြူးမြို့ အနောက်ဖက် ပဲခူးရိုးမ အတွင်း ဗဟိုပြု၍ လှုပ်ရှားသွားခြင်း ဖြစ်ကြောင်း ၊ ငလျင် လှုပ်ရှားမှုအား ရန်ကုန် ၊ တောင်ငူ ၊ ဖြူး ၊ ပြည် မြို့များနှင့် နေပြည်တော်တို့မှ ခံစား သိရှိလိုက်ရကြောင်း ၊ ထိခိုက် ပျက်စီးမှု အခြေအနေအား သတင်း မရရှိထားသေးကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဖြူးမြို့အနောက်ဖက် ပဲခူးရိုးမအတွင်း ပဟိုပြု၍ ပမာဏ ၆.၀ ငလျင်လှုပ်ရှားခဲ့ပြီး မိနစ် အနည်း အကြာတွင် ပမာဏ ၅.၃ ရှိ နောက်ဆက်တွဲ မြေငလျင် ၂ ခု လှုပ်ရှားသွားကြောင်း ၊ ထိုအနီးနား ဖြူးဆည်၊ ကွန်းချောင်းတမံများရှိကြောင်း ဖော်ပြထားမှုများ ရှိသည်။(Xinhua)