Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာသူ လူ ၅၀ နီးပါး ပျောက်ဆုံး

ဖားကန့်တွင် နိုဝင်ဘာလ အတွင်း မြေစာပုံ ပြိုကျမှု တစ်ရပ်၌ ဒေသခံ တပ်မတော်သားများက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအုပ်စု ဥရုချောင်း အနောက်ဘက် ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်းစု ကျေးရွာကြားရှိ ရာဇဌာနီ ( မြန်တကောင်း ကုမ္ပဏီခွဲ ) ၏ စွန့်ပစ် မြေစာပုံ ပြိုကြပြီး လူ ၅၀ နီးပါး ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ် ရဲစခန်းထံမှ သိရသည်။

ရေမဆေးကျောက်ရှာဖွေလုပ်ကိုင်နေသော စွန့်ပစ် မြေစာပုံတွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ပြိုကျကာ ရေမဆေးကျောက် ရှာဖွေ လုပ်ကိုင်သော ရွှေ့ပြောင်းလုပ်သား ၅၀ နီးပါး အလုပ် လုပ်ကိုင်နေချိန် ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးများ သွားရောက် နေသဖြင့် အသေအပျောက် စာရင်းကို ယနေ့ နေ့လည်မှ အတည်ပြုနိုင်မည် ဖြစ်ကြောင်း ဖားကန့် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းမြေစာပုံ ပြိုကျမှုတွင် ရေမဆေးကျောက် ရှာသူများ ကျောက်ရှာနေစဉ် ပြိုကျခြင်း ဖြစ်ပြီး ရေမဆေးကျောက် ရှာသူ (၃၅) ဦးမှ (၅၀) ဦးထိ သေဆုံးနိုင်သည်ဟု ခန့်မှန်းနိုင်ကြောင်း မြေစာပုံ ပြိုရာမှ လွတ်မြောက်ခဲ့သူများ ထံမှ စုံစမ်း သိရှိရသည်။

ဖားကန့်၌ နိုဝင်ဘာလ ၂၁ ရက်တွင် မြေစာပုံ ပြိုကျပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကာ ထို့နောက်တွင်လည်း မြေစာပုံ ပြိုကြမှုများ ထပ်မံဖြစ်ပွားခဲ့၍ ရေမဆေးကျောက် ရှာဖွေသူများ သေဆုံး ခဲ့ရသေးကြောင်း သိရသည်။ (Xinhua)