Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၌ ငါးလအတွင်း မီး ၁၅၁ကြိမ် လောင်ကျွမ်းပြီး ကျပ် ၂၄၅ သန်းကျော် ဆုံးရှုံးခဲ့

မီးသတ်တပ်ဖွဲ့ဝင်များ မီးလောင်ကျွမ်းနေမှုအား ငြိမ်းသတ်နေစဉ်(ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ၂၀၁၇ ခုနှစ်၏ ပထမ ငါးလတာအတွင်း မီး ၁၅၁ ကြိမ်လောင်ကျွမ်းခဲ့ပြီး ငွေကျပ် ၂၄၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ငါးလတာ ကာလအတွင်း မီးလောင်မှုများမှာ နေပြည်တော်၌ ခုနစ်ကြိမ်၊ ရန်ကုန် တိုင်းဒေသကြီး၌ ၁၃ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၁ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ငါးကြိမ်၊ ပဲခူးတိုင်းဒေသကြီး၌ ၁ဝ ကြိမ်၊ မကွေးတိုင်း ဒေသကြီး၌ ၁၇ ကြိမ်၊ ဧရာဝတီတိုင်း ဒေသကြီး၌ ကိုးကြိမ်နှင့် ကချင်ပြည်နယ်၌ ၁၂ ကြိမ်၊ ကယားပြည်နယ်၌ တစ်ကြိမ်၊ ကရင်ပြည်နယ်၌ နှစ်ကြိမ်၊ ချင်းပြည်နယ်၌ လေးကြိမ်၊ မွန်ပြည်နယ်၌ ရှစ်ကြိမ်၊ ရခိုင်ပြည်နယ်၌ ၁ဝ ကြိမ်၊ ရှမ်းပြည်နယ်၌ ၁၄ ကြိမ် စုစုပေါင်း ၁၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ခြေ ၁၇၉ လုံး၊ ဂိုဒေါင်နှစ်လုံးဆုံးရှုံး၍ သေဆုံးသူခြောက်ဦး၊ ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် မီးဘေးဒုက္ခသည် ၂၄၂ ဦးရှိပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၄၅၆၈၇၃၂၈ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မီးလောင်မှုများအနက် အဆိုးရွားဆုံးမီးလောင်မှုမှာ ၂ဝ၁၇ ခုနှစ် ဧပြီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ စည်းလုံးခြင်း မြန်မာအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပြီး ငွေကျပ် ၆၁ သန်းခန့် ဆုံးရှုံးခဲ့သည်။ငါးလတာကာလအတွင်း မီးလောင်မှု အများဆုံးဖြစ်ပွားသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မီးဖိုမီးကြောင့် လေးကြိမ်၊ ပေါ့ဆမီးကြောင့် ခုနစ်ကြိမ်၊ အလိုအလျောက် မီးကြောင့် တစ်ကြိမ်၊ လျှပ်စစ်မီးကြောင့် သုံးကြိမ်၊ ရှို့မီးကြောင့် လေးကြိမ်၊ တောမီးကြောင့် တစ်ကြိမ်၊ မိုးကြိုးကြောင့် တစ်ကြိမ် စုစုပေါင်း ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ကိုးလုံး၊ ဂိုဒေါင်နှစ်လုံး ပျက်စီးဆုံးရှုံးကာ တန်ဖိုးငွေကျပ် ၂၅ သန်း ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)