Connect with us

Environment, Disasters & Accidents

မြန်မာ့ဆင်များ ရေရှည်ထိန်းသိမ်း နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ လုပ်ငန်း စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိ

မြန်မာနိုင်ငံ၌ တောဆင်ရိုင်းများအား ယဉ်အောင်ပြုလုပ်၍ အမျိုးမျိုးအသုံးချလျက်ရှိစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ့ဆင်များ ရေရှည်ထိန်းသိမ်း နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ဆင်ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ လုပ်ငန်း စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက သတင်းထုတ်ပြန်သည်။

ယင်းစီမံချက် ရေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံ အခြေစိုက် WCS (Wildlife Conservation Society) အပါအဝင် ပြည်တွင်းပြည်ပ သားရဲတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များနှင့် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း တွင် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်း စီမံချက်ကို အပြီးသတ် ရေးဆွဲရန် အချိန် မသတ်မှတ် ရသေးကြောင်း သိရသည်။

အဆိုပါ စီမံချက်တွင် ဆင်ယဉ်နှင့် တောဆင်ရိုင်း ကျက်စားမှု ပျံ့နှံ့ဧရိယာ များကို ဖော်ထုတ်နိုင်ရေး၊ နှစ်စဉ်ဆင်များ အမဲလိုက် သတ်ဖြတ်ခံ ရခြင်းနှင့် ရောင်းဝယ် ဖောက်ကားမှု အခြေအနေ တို့ကို ဆန်းစစ်နိုင်ရေး၊ တောဆင်ရိုင်း များအတွက် စားကျက်ကောင်းများ ပြန်လည် ရရှိနိုင်ရေး၊ ဆင်ယဉ် ပိုင်ဆိုင်မှုများကို မှတ်ပုံတင် နိုင်ရေးနှင့် မှတ်ပုံတင်ပြီးသား ဆင်ယဉ်များအား ပြန်လည် စစ်ဆေးနိုင်ရေး တို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။

တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများ နှင့် သစ်တောပြုန်းတီး မှုများကြောင့် စားကျက်မြေများ ကျဉ်းမြောင်းလာပြီး ဆင်အကောင်ရေ လျော့နည်းလာခြင်း၊ နိုင်ငံတကာသို့ ဆင်စွယ်များ တရားမဝင် တင်ပို့ ရောင်းချမှု များလာခြင်း၊ မြန်မာနိုင်ငံတွင် တောဆင်ရိုင်း အကောင်ရေနှင့် ဆင်ယဉ် အကောင်ရေများ အချိုးမမျှတော့ခြင်း တို့ကြောင့် ယင်းစီမံချက် ကို ရေးဆွဲရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားသော ဆင်ယဉ် အကောင်ရေ ၅ဝဝဝ နီးပါးရှိပြီး တောဆင်ရိုင်း အကောင်ရေ ၃ဝဝဝ ခန့်ရှိကာ တောဆင်ရိုင်း များအား မှတ်ပုံတင် နိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် တောဆင်ရိုင်း များကို ထိန်းသိမ်း ထားသည့် ဘေးမဲ့တော ခုနစ်ခု ရှိသည်။

မြန်မာနိုင်ငံတွင် ဆင်သည် လုံးဝကာကွယ် ထားသော တိရစ္ဆာန်စာရင်းတွင် ပါဝင်ပြီး တရားမဝင် ရောင်းဝယ်ပါက ဥပဒေအရ အများဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်အရေးယူ နိုင်ကြောင်း မြဝတီသတင်းတွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.