Connect with us

Environment, Disasters & Accidents

ရန်ကုန်- မန္တလေး အမြန်လမ်း၌ သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၃၄ စီးကို အရေးယူ

ရန်ကုန်- မန္တလေး အမြန်လမ်း၌ သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးမှုပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု လျော့နည်း ပပျောက်ရေးအတွက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူလျက်ရှိရာ စက်တင်ဘာ ၁ရက် မှ ၉ရက်ထိ ကိုးရက်အတွင်း မော်တော်ယာဉ် ၂၃၄စီးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လမ်းမကြီးပေါ်၌ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များ ကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အရှိန်နှုန်း တိုင်းတာစက်များ အသုံးပြု၍ အမြန်လမ်း၏ ၂၀၁မိုင်နှင့် နေပြည်တော် တိုးဂိတ် (စီလမ်းဆုံ)တို့တွင် ပူးပေါင်းအဖွဲ့များမှ စစ်ဆေးဆောင်ရွက်ပြီး အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သည့် မော်တော်ယဉ် များအား ဖမ်းဆီးအရေးယူနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူသော စီမံချက်ကို လက်ရှိ နေ့ပိုင်းသာ ပထမအဆင့် အနေဖြင့် ဖမ်းဆီး အရေးယူခြင်း ဖြစ်ပြီး မကြာမီ ညပိုင်းတွင် သတ်မှတ် အမြန်နှုန်း ကျော်လွန် မောင်းနှင်သော ယာဉ်များ သာမက ယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ/ မရှိ ပါ စစ်ဆေး ဖမ်းဆီး အရေးယူ သွားမည်ဖြစ်သည်။(Xinhua)