Connect with us

Environment, Disasters & Accidents

လပွတ္တာမြို့မီးလောင်မှုကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး ငွေကျပ် သန်း ၃၂၀ ကျော် ဆုံးရှုံး

မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် တပ်မတော်သားများမှ ကူညီ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မြဝတီ) လပွတ္တာမြို့မီးလောင်မှုကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး ငွေကျပ် သန်း ၃၂၀ ကျော် ဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်၌ လောင်ကျွမ်းခဲ့သော မီးကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ငွေကျပ် သန်း ၃၂၀ ကျော် ဆုံးရှုံးခဲ့ကြောင်း လပွတ္တာမြို့နယ် မီးသတ် ဦးစီးထံမှ သိရသည်။

လပွတ္တာမြို့တွင် ဖေဖေါ်ဝါရီလ (၄) ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်က အမှတ် (၅) ရပ်ကွက် ၊ ဧရာသီရိ သဲလမ်းမှ မီးစတင် လောင်ကျွမ်းခဲ့ ရာ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၂) နာရီကျော် အချိန်ခန့်မှ မီးညွန့်ကျိုးခဲ့ပြီး အိမ်ခြေ ၁၇၉ လုံး မီးဘေးသင့်ခဲ့ကာ အိမ်ထောင်စု ၁၉၅ စု မီးဘေးဒဏ် ခံစားခဲ့ရသည်။

အဆိုပါ မီးဘေး သင့်ပြည်သူများကို လပွတ္တာမြို့ ၊ လေးထပ်ကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ကာ လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ယင်း လပွတ္တာမြို့မီးလောင်ချိန်တွင် ရှမ်းပြည်နယ် နမ့်ဆန်မြို့တွင်လည်း မီးအကြီးကျယ် လောင်ကျွမ်းပြီး အိမ်ခြေ ၄၀၀ ကျော် မီးဘေးသင့် ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁,၆၀၀ ကျော် မီးဘေးသင့်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃၆,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။ ( Xinhua)