Connect with us

Environment, Disasters & Accidents

ဝါးများသယ်ဆောင်လာသော ယာဉ်တိမ်းမှောက်ပြီး ၁၃ဦးသေ၊ ၁၈ဦး ဒဏ်ရာရရှိ


နေပြည်တော်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

နေပြည်တော်ဥတ္တရသီရိမြို့နယ် မကွေး-ကံပြား တောင်ညိုလမ်း ၉ မိုင် ၅ ဖာလုံတွင် ဇန်နဝါရီ ၉ရက်နေ့ ညနေ၌ ယာဉ်တစီး တိမ်းမှောက်ပြီး လူ၁၃ ဦးသေဆုံးကာ ၁၈ဦးဒဏ်ရာရရှိကြောင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

မကွေးဘက်မှ နေပြည်တော်ဘက်သို့ ဝါးများသယ်ဆောင်လာသော Nissan ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃၂ ဦးအနက် ၁၃ ဦးသေဆုံးခဲ့ကာ ၁၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ဇန်နဝါရီ ၁၀ ရက် နံနက် တစ်နာရီတွင်ပို့ဆောင်ထားကြောင်း သိရသည်။

မကွေး-ကံပြား တောင်ညိုလမ်း ၉ မိုင် ၅ ဖာလုံတွင် တိမ်းမှောက်သွားသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ဇော်ခင်အောင်က “မင်းကုန်းကျေးရွာက ရွာသား ၃၂ ယောက် ဝါးခုတ်ပြီးအပြန် ကုန်းအဆင်းမှာ ကားရဲ့ ဂီယာမဝင်ဘဲ ဘရိတ်နဲ့ထိန်းဆင်းတော့ လိမ့်ဆင်းပြီးချောက် ထဲကို ကျသွားတာပါ။ မနေ့ညက အခင်း ဖြစ်ဖြစ်ချင်းမှာ ကယ်ဆယ်ရေးတွေ လုပ်ကြတယ်၊ တပ်က အဖွဲ့တွေ ရော ရွာသားတွေရော ရဲတပ်ဖွဲ့ဝင်တွေရော ဆင်းပြီးတော့ ကယ်ဆယ်တယ်၊ ဆေးရုံပို့ပါတယ်” ဟု ၎င်းက ဆိုသည်။

မျက်မြင် ရွာသားတစ်ဦးက“ကားဘရိတ်ပေါက်တဲ့အတွက် မထိန်းနိုင်ဘဲ ကုန်းဆင်းကြီးမှာ ကားက လိမ့်ဆင်း သွားပြီး လမ်းဘေး ချောက်နှုတ်ခမ်းပေါ် တင်ခဲ့ပေမယ့် ကားပေါ် ပါလာတဲ့ ဝါးတွေနဲ့ ဝါးခုတ်သမား တွေက လွင့်စဉ်ကာ ပေ ၇၀ လောက် နက်တဲ့ ချောက်ထဲ ကျသွားခဲ့တာပါ” ဟု ပြောသည်။ယင်း အခင်းဖြစ်ပွားရာနေရာမှာ ခြုံနွယ်ထူထပ်ခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အခက်အခဲများကြုံတွေ့ရသည့်အတွက် ဇန်နဝါရီ ၁၀ ရက် နံနက် ၁ နာရီတွင် ခေတ္တရပ်ဆိုင်းပြီး နံနက် ၆ နာရီမှစတင်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။(Xinhua)