Connect with us

Environment, Disasters & Accidents

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၌ ဇာတ်အဖွဲ့ယာဉ်တိမ်းမှောက်ကာ လူ ၆ ဦး သေဆုံး

ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ဇာတ်အဖွဲ့ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - သင်္ဃန်းညီနောင်-မြို့သစ်၊လူမှုကူညီရေးအဖွဲ့)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့ဆင်းနေရာတွင် ယနေ့ အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ဇာတ်အဖွဲ့တစ်ဖွဲ့အား တင်ဆောင်လာသည့် ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၆ ဦး သေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခင်း ဖြစ်နေရာ၌ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် လူမူကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမိုးဌေးက “အဲဒီကားပေါ်မှာ လူက အားလုံးပေါင်း ၂၈ ယောက်ပါတယ်လို့ ပြောတယ်။ အဲဒီမှာ သေဆုံးသွားတာကတော့ ၆ ယောက်ပါ ။ ထိခိုက်ဒဏ်ရာရတာကတော့ တစ်စီးလုံး ဆိုတော့ အကုန်လုံး ဒဏ်ရာရတာပေါ့ ။ ဖြစ်စဉ်က အဆင်းမှာ ဘရိတ်မနိုင်လို့လားတော့ မသိဘူး ။ အဲဒီအခါကျတော့ လမ်းဘေးက ကာထားတဲ့ ကွန်ကရစ်တုံးတွေပါ တိုက်မိပြီး တိမ်းမှောက်သွားတာပေါ့ ”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ဇာတ်အဖွဲ့ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ – သင်္ဃန်းညီနောင်-မြို့သစ်၊လူမှုကူညီရေးအဖွဲ့)

“ပွင့်နေခြည်” ဇာတ်အဖွဲ့အား တင်ဆောင်လာခဲ့ပြီး ဘရိတ်ပေါက် တိမ်းမှောက်သွားခဲ့သည့် ၆ ဘီးယာဉ်အား လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးယာဥ်များဖြင့် သွားရောက်ကာ ယာဥ်ပေါ်ပါ ထိခိုက်ဒဏ်ရာရလူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ အယောက် ၂၀ ထဲမှာ ၈ ယောက်လောက်က စိုးရိမ်ရတယ် ။အဆင်းမှာ ဘရိတ်ပေါက်ပြီး ဘေးနံရံကာထားတဲ့ဟာတိုက်ပြီး တိမ်းမှောက်သွားတဲ့သဘောပါ ။ ကားကတော့ ၆ ဘီးကားပါ ။ ဇာတ်သဘင်ကားဆိုတော့ ကားဝမ်းထဲမှာ ဇာတ်ပစ္စည်းတွေ အပြည့်ထည့်ပြီးတော့မှ အပေါ်မှာ လူစီးရတာလေ ။ အဲဒါကြောင့် အထိနာကြတာပေါ့” ဟု ကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ခဲ့သည့် လူမူကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

#အာရှလမ်း #ဇာတ်အဖွဲ့ #ယာဉ်တိမ်းမှောက် #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar