Connect with us

Environment, Disasters & Accidents

နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီး ယာဉ်တိမ်းမှောက်ပြီး အမျိုးသမီး ၅ဦးသေဆုံး ၊ ၂၃ ဦး ဒဏ်ရာရရှိ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီး ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်း(လမ်းဟောင်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီး ဇန်နဝါရီ ၇ရက် ညနေပိုင်းက အလုပ်သမားများကို တင်ဆောင်မောင်းနှင်လာသည့် ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီး ၅ ဦးသေဆုံးကာ ၂၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါတိမ်းမှောက်သည့်ယာဉ်မှာ တပ်ကုန်း မြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ မောင်းနှင်လာသော LIFAN အမျိုးအစား(အပြာရောင်) ၆ ဘီးယာဉ် ဖြစ်ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အနီးအရောက် ရှေ့ယာဘက်ဘီးပေါက်ကာ လမ်း၏ယာဘက်ဘေးသို့ အရှိန်လွန်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

” အမျိုးသမီး ၅ယောက်က အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးတယ်။အဲကားပေါ် စုစုပေါင်း လူ ၃၀ကျော် လောက်ပါတယ် ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတွေက မစိုးရိမ်ရပါဘူး။ တချို့ ဒီမနက် ဆေးရုံက ဆင်းသွားတာတွေရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး ၅ ဦးသေဆုံးကာ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းက ပြောသည်။

” ဒဏ်ရာရတဲ့သူတွေက မေးစေ့ပေါက်ပြဲတာတို့၊ ခေါင်းပေါက်တာတို့၊ နောက် ရင်ဘတ်အောင့်တဲ့လူနာတို့တွေ များပါတယ်။ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူတွေပါ။ သေတဲ့လူ၂ယောက်က ကားထဲညှပ်လို့ မနည်း ဆွဲထုတ်ကယ်ရတယ်။”ဟု ယာဉ်တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းဖြစ်သူကို ရေဆင်းနယ်မြေရဲစခန်းက ယာဉ်(ပ)၁/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)