Connect with us

Environment, Disasters & Accidents

သဘာဝဘေးဒဏ် ခံခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ပေးအပ်

၂၀၁၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရေကြီးရေလျှံမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရရှိမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယခုချေးငွေဖြင့် ယခင်နှစ်က သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အထူး အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုချေးငွေဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းကြောင့် အရေးပေါ် ဒေသများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်း စီမံချက်အဖြစ် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိသည့် လမ်းများ ဆောက်လုပ်ရန် ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုသွားမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ ချေးငွေ ပေးအပ်သွားရန် ဇူလိုင်လ ၁၄ ရက်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁.၆ သန်းခန့် နေရာ ရွှေ့ပြောင်းခဲ့ရကာ စုစုပေါင်း ၁၃၂ ဦး သေဆုံးခဲ့ရကြောင်း ၊ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး အနေဖြင့် ၂၀၁၄/၁၅ ခုနှစ် တိုင်းပြည် ဂျီဒီပီ၏ ၃.၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ် အပါအဝင် အခြား ဖွံ့ဖြိုးရေး မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံ အစိုးရမှ ပြုစုထားသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအလွန် ကာလ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.