Connect with us

Environment, Disasters & Accidents

အောင်လောင်ငှက်အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည်ဟုဆို

ပဲခူးတိုင်းဒေသကြီး ရဲနွယ်ကြိုးဝိုင်းတစ်ဝိုက် လာရောက်ကျက်စားလျက် ရှိသည့် အောင်လောင်ငှက်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရှားပါးမျိုးစိတ်ဖြစ်သည့် အောင်လောင်ငှက် အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“သားငှက်တိရစ္ဆာန်တွေကို ဟင်းလျာ အနေနဲ့ ရောင်းချခြင်း မပြုဖို့ ပညာပေး လက်ကမ်းစာစောင် ဝေပါတယ်။ဥပဒေရေးရာ အရလည်း တက်နိုင်သလောက် ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းအင်အား အခြေအနေအရ ကျွန်တော်တို့မှာက လက်ရှိလူထုအင်အားနဲ့ ဆိုရင် ကျွန်တော်တို့ ဝန်ထမ်း အင်အားက လုံလောက်ခြင်း မရှိပါဘူး ။ ပြည်သူတွေအနေနဲ့ သတင်းပေးရင်လည်း ကျွန်တော်တို့အနေနဲ့ လိုက်လံဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကာကွယ်ထိန်းသိမ်းရေး အတွက် အသိပညာ မြှင့်ဖို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်းမှသာ တောရိုင်းတိရစ္ဆာန်လေးတွေ အတွက် အလားအလာကောင်းမွန်မယ်လို့ သုံးသပ် တင်ပြလိုပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ဆောင်းရာသီကာလတွင် ပဲခူးတိုင်းဒေသကြီး ရဲနွယ်ကြိုးဝိုင်းတစ်ဝိုက် လာရောက်ကျက်စားလျက် ရှိသည့် ရှားပါးမျိုးစိတ် အောက်လောင်ငှက်များကို ဖမ်းဆီးသတ်ဖြတ်မခံရစေရန် သစ်တောဝန်ထမ်းများနှင့် ဒေသခံများက စောင့်ကြပ်နေလျက် ရှိကြောင်း သိရသည်။

“အောက်ချင်းငှက်တွေကို တောနက်တဲ့ ပဲခူးရိုးမ၊ရခိုင်ရိုးမ မှာတွေ့ရပါတယ်။ဒီပဲခူးရိုးမမှာဆိုရင် ဒီနေရာဖြစ်တဲ့ မင်းလှ-စိန်ကန်လန့် မြို့ကျောင်းလမ်း ဒီလိုတောနက်ပြီးစိမ်းစိုနေတဲ့နေရာတွေ၊ အုတ်တွင်း- ပေါက်ခေါင်းလမ်းရှိစိမ်းစိုတဲ့နေရာတွေ မှာတွေ့ရှိရပါတယ်။ ရခိုင်ရိုးမ မှာလည်း အောက်ပိုင်းက ပန်းတောင်း-တောင်ကုတ်မှ မင်းဖူး-ငဖဲ-စေတုတ္တရာ ထိအောင် ဒီငှက်တွေအများစုကျက်စားတာတွေ့ရပါတယ်။လက်ရှိအခြေအနေမှာ ဒီငှက်တွေကို သစ်တောဦးစီးဌာနမှာ သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ဖွဲ့စည်းပြီး တောရိုင်းတိရစ္ဆာန် သဘာဝဘေးမဲ့တောတွေဖွဲ့စည်းကာ ဒီငှက်အပါအဝင် တားမြစ်တိရစ္ဆာန်တွေကို ကာကွယ်ရေးအစီအမံများကျွန်တော်တို့သစ်တောဦးစီးဌာနအနေနဲ့ ဆောင်ရွက်ထားကြောင်း ပြောကြားလိုပါတယ်။”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ပြောကြားခဲ့သည်။

ချင်းပြည်နယ်နှင့် နေရာအချို့တွင် အောက်ချင်းငှက်ဟု ခေါ်ဆိုကြသည့် အောက်လောင်ငှက်များသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာ ကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)အရ မြန်မာတစ်နိုင်ငံလုံးတွင် မျိုးဆက် ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်မျိုးစိတ်တွင် ပါဝင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.