Connect with us

Environment, Disasters & Accidents

၂၀၁၈ ခုနှစ်သည် အစွန်းရောက် မိုးရာသီနှစ် ဖြစ်သည်

ရန်ကုန်မြို့ တွင် မိုးရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်ခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ယခုနှစ်မိုးရာသီသည် မုတ်သုံအဝင်နောက်ကျခဲ့ပြီး အစွန်းရောက် မိုးရာသီဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

၎င်းက “အစွန်းရောက်မိုးရာသီဆိုတာ တချို့နေရာတွေ မှာ အရမ်းမိုးကောင်းနိုင်ပြီး၊ တချို့နေရာ တွေမှာ မိုးခေါင်နိုင်တယ်။ ဒါကို အစွန်းရောက်ရာသီဥတု လို့ခေါ်တယ်။ ပြီးတော့ ဒီနှစ်က မုတ်သုံအဝင်နောက်ကျခဲ့တော့ မိုးကြိုကာလ ရှည်လျားခဲ့တယ်။ အဲဒါကြောင့် မိုးတိမ်တောင်ပိုဖြစ်တာ။မိုးကြိုးပစ်လို့သေတာတွေပိုများလာတယ်။ လေပြင်းတိုက်တာတွေ ပိုများတယ်” ဟု ဆင်ဟွာနှင့်သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုးတိမ်တောင်

နေရာကွက်ပြီး လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း စသည့်ဖြစ်စဉ်များသည် မိုးတိမ်တောင်ဖြစ်ပေါ်သည့် အတွက်ကြာင့်ဟု ဆိုနိုင်သည်။မုတ်သုံမဝင်ခင်မိုးကြိုကာလသည် မိုးတိမ်တောင်ဖြစ်လေ့ရှိသည်။ဒေါက်တာထွန်းလွင်က “မိုးတိမ်တောင်ဖြစ်ရတာက မြေပြင်က ပူတော့ လေကို ကူးစက်တယ်။ လေကပေါ့တယ်။ လေကပေါ့ပြီး ပူတော့ အပေါ်တက်တယ်။ လေထဲမှာရေငွေ့မပါရင် ကိစ္စမရှိဘူး။ လေထဲမှာရေငွေ့ပါရင် တိမ်ဖြစ်သွားတယ်။ အဲဒီတိမ်က အောက်က အပူကဆက်တိုက်ပေးတော့ မိုးတိမ်တောင် ဖြစ်သွားတယ်။ မိုးတိမ်တောင်ဖြစ်ရတဲ့အဓိကအကြောင်းအရင်းက နွေရာသီပူတာရယ်၊ လေထဲမှာရေငွေ့ပါတာရယ်ကြောင့် ဖြစ်တာပါ။မိုးတိမ်တောင်က ဒီနှစ်မှာ ပိုစိပ်တယ်။ ဒါကြောင့်လေပြင်းတိုက်တာတွေ ပိုများခဲ့တာပါ” ဟု ရှင်းပြသည်။

ပြီးခဲ့သော ရက်ပိုင်းများက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး နှင့် မကွေးတိုင်းဒေသကြီး ရှိမြို့နယ်အချို့တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် အချို့ အမိုးလန်ပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့လေပြင်းတိုက်ခြင်း ၊ မိုးကြိုးပစ်ခြင်း စသည့်ဖြစ်စဉ်များမှာ မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။ လေပြင်းတိုက်၍ နေရာကွက် မိုးကြီးမှုများသည် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မေလ အတွင်း အကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်ပေါ်ခဲ့သည်။

မိုးတွင်းရောက်ပြီလား

လက်ရှိတွင် မိုးတွင်းကာလ တရားဝင် ရောက်ရှိခြင်း မရှိသေးပါ။ မုတ်သုံဝင်ရောက်ဆဲကာလဖြစ်ပြီး မေလ ၂၇ ရက် နေ့တွင် မြစ်ဝကျွန်းပေါ်သို့ မုတ်သုံဝင်ရောက်ခဲ့ကာ မေလကုန်တွင် ရခိုင်အလယ်ပိုင်းသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း သိရသည်။“မုတ်သုံဝင်ဖို့ ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းလောက်ပဲ ကျန်မယ်။ ကချင်နဲ့စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ဇွန်လဆန်းလောက်မှ မုတ်သုံဝင်မယ်။ အဲဒါဆိုရင် မိုးတွင်းရောက်မယ်’’ ဟု ဦးထွန်းလွင်က ဆိုသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဇွန်လ ၃ရက်မှ ၈ ရက်အတွင်း ဝင်ရောက်နိုင်ကြောင်း၊ ဇွန်လ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ် တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အဖြစ် ယနေ့ထုတ်ပြန်ခဲ့သည်။

မိုးရေရမလား

မူလက ယခုနှစ်အား မိုးကောင်းမည်ဟုခန့်မှန်းထားသော်လည်း၊ နောက်ပိုင်းတွင် မိုးကအနည်းငယ်လျော့နည်းသွားမည့် သဘောကိုပြနေကြောင်းဒေါက်တာထွန်းလွင်က ဆိုသည်။“ မြန်မာနိုင်ငံအရှေ့ပိုင်းတွေ ရှမ်း၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တောင်ပိုင်းလောက်မှာ အပူချိန်ဖြစ်မြဲထက်ပူနိုင်တယ်။ ပိုပူနိုင်တယ်။ မိုးရွာသွန်းမှုက ရွာသွန်းမြဲထက် ပိုတဲ့နေရာသိပ်မရှိနိုင်ဘူး။ ရွာသွန်းမြဲအောက်လျော့တဲ့နေရာတွေ နည်းနည်းရှိမယ်။မိုးနည်းရတဲ့ အကြောင်း က ပစိဖိတ်သမုဒ္ဒရာမှာ ၂၀၁၇ နိုဝင်ဘာလ မှာ ဖြစ်နေတဲ့လာနီညာက ပြီးခဲ့တဲ့အပတ်က ပြီးသွားပြီ။ လာနီညာ မရှိတော့ဘူးဆိုတော့ ရိုးရိုးနှစ်ပြန်ဖြစ်သွားပြီ။ အဲဒီတော့ မိုးရွာမယ့် ရာခိုင်နှုန်းက အနည်းငယ် ကျသွားတာပေါ့။လာနီညာက မိုးကောင်းတဲ့သဘောရှိတယ်။

ဒီနှစ်မှာ အားနည်းတာက နှစ် ခု ရှိပါတယ် ၊ တစ် ခု က မုတ်သုံဝင်တဲ့ရက် က တစ်အားနောက်ကျတာ။ အရင် ကနောက်ကျတယ်ဆိုတာထက် ပိုနောက်ကျတယ်။ နောက်တစ်ခုက အခုချိန်အထိ ပီပီပြင်ပြင် မုန်တိုင်းတစ်ခါမှ မဖြစ်သေးဘူး။ မိုးအားကလျော့တဲ့သဘောဖြစ်နေတယ်။ မုတ်သုံမိုးရော၊ မုန်တိုင်းမိုးရော မရတဲ့အတွက် မိုးတိမ်တောင်က ရတဲ့ ပျံကျမိုးကို ရခဲ့တယ်။မုတ်သုံဝင်ပေမယ့် ပုံမှန်ပဲရှိနိုင်တယ်။ မုန်တိုင်းကမေလ မှာ ၁ကြိမ်ဖြစ်နိုင်တယ်။ မိုးတွင်းတစ်တွင်းလုံးမှာ မုန်တိုင်းက ၂ကြိမ်လောက်ပဲဖြစ်နိုင်တယ်။ ၂ကြိမ်လုံးကလည်း အိန္ဒိယရဲ့အရှေ့ဘက် ကမ်းရိုးတန်းမှာပဲဝင်သွားမယ်ဆိုတော့ မိုးရေရဖို့ဆရာတို့ဘက်မှာ သိပ်ပြီးတော့ အကျိုးကျေးဇူးတော့ မရှိနိုင်ဘူးလို့ထင်တယ်’’ ဟု ဆက်လက်ရှင်းပြခဲ့သည်။

လေဖိအားနည်းရပ်ဝန်း

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ် နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

အပူပိုခံစားခဲ့ရတဲ့နွေ

ယခု နှစ်တွင် မိုးရာသီ သို့ ကူးပြောင်းခါနီး ကလာလ အထိ အပူဒဏ်ကို ပိုမိုခံစားခဲ့ကြရကြောင်း သိရသည်။ ဒေါက်တာထွန်းလွင်က “အပူချိန် ပိုခံစားရတာ က သပ်သပ်ရှိတယ်။ ဒီနှစ်က ဆောင်းရာသီ လောက်ကတည်းက မိုးကြိုကာလ အထိ လေထုထဲမှာ ရေငွေ့ပါနေတယ်။ လေထုထဲမှာ ရေငွေ့ပါနေရင် တကယ့်အပူချိန်ကမမြင့်ရင်တောင် လူတွေခံစားရတဲ့အပူချိန်က မြင့်သွားတယ်။ ရေငွေ့ရဲ့ အပူချိန်ကိုပါ ထပ်ဆောင်းခံစားရတဲ့ အတွက် ပိုပူတယ်လို့ ခံစားရတာ။ ဒါကြောင့် ဒီနှစ်မှာ လူတွေက ပူတယ်လို့ပြောတဲ့အကြောင်းတွေထဲမှာ အဲဒီအကြောင်းတွေပါတယ်။အပူချိန်က ခါတိုင်းနှစ်လောက်မတက်ပေမယ့် နွေရာသီမှာ လေထဲမှာ ရေငွေ့ပါနေတာကြောင့် ပိုပူတယ်ခံစားရတယ်။ အရင်က ခြောက်သွေ့တယ်လေ’’ ဟုပြောသည်။

မိုးတွင်းရောက်ခဲ့ရင်

မိုးတွင်းရောက်သည့်အချိန် တွင် ကမ်းရိုးတန်းဒေသတွင် မိုးများနိုင်ပြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးနည်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိ တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တွင် မုတ်သုံဝင်ရောက်ခဲ့ပြီး ဖြစ်သလို လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် မိုးရွာသွန်းလျက်ရှိနေရာ အစွန်းရောက်မိုးရာသီနှစ်ကို အစပြုလို့နေပါပြီ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.