Connect with us

Environment, Disasters & Accidents

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ နှင့် ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်မည်

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုအစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

၂၀၃၀  ခုနှစ်တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ နှင့် ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

ထိုသို့ ထိန်းသိမ်း ကာကွယ်ရာတွင် ကမ်းရိုးတန်းဒေသ သဘာဝသယံဇာတများဖြစ်သည့် ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ် မြက်ခင်းများ၊ ကျွန်းစုများနှင့် မြစ်ဝကျွန်းပေါ်တို့တွင် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေးကိုလည်း ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် ကျွဲကူးရေပါဆိုသလို ကမ်းရိုးတန်းဂေဟ စနစ်များက ပံ့ပိုးပေးလျက်ရှိသည့် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများကို လက်တွေ့ ရရှိကြမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ကမ်းရိုးတန်းအရှည် ၂၈၃၂ ကီလိုမီတာတွင်  ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊  ကျွန်းစုများ၊  မြစ်ဝကျွန်းပေါ်များဖြင့် စုံလင်စွာ တည်ရှိနေပါကြောင်း၊ ထိုသို့ သဘာဝအလျောက် တည်ရှိနေသည့် သဘာဝဂေဟစနစ်များအပေါ် မှီခိုပြီး ငါးသယံဇာတ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေကြသဖြင့် နိုင်ငံသားအားလုံးအတွက် စားနပ်ရိက္ခာဖူလုံရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက် ရှိကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ သတ္တမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၅ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.