Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် မော်တော်ယာဉ်နှစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦး သေ၊၂၅ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

 

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင်  နိုဝင်ဘာ ၅ ရက် နံနက် ၅နာရီအချိန်ခန့် မော်တော်ယာဉ်နှစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦး သေ၊၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တိမ်းမှောက်သည့် 

Express အမျိုးအစား မှန်လုံမော်တော်ယာဉ် နှစ်စီးသည် မော်လမြိုင်မှ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ဟိတဓရတောစခန်းရိပ်သာ ကျောင်းတိုက်သို့ ကထိန်ခင်းရန် သွားရောက်စဉ် သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီးအရောက် ရှေ့ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်သဖြင့် နောက်မှ လိုက်ပါလာသည့် ယာဉ်မှာ တိမ်းရှောင်စဉ် အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိမ်းမှောက်ခဲ့သည့် မှန်လုံမော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအနက် သံဃာ(၂) ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၃ ဦးသည် ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၂၃ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းမော်တော်ယာဉ်နှစ်စီး တိမ်းမှောက်မှုကြောင့် လူနာများအား ကျောက်ကြီးဆေးရုံနှင့်  သပိတ်ကျင်းဆေးရုံတွင် တက်ရောက်ကုသလျက်ရှိပြီး အရေးကြီးလူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။ (Xinhua)