Connect with us

Environment, Disasters & Accidents

အာစန်နီ(Asani)၏ အရှိန်ကြောင့် လေကြောင်း၊ ရေကြောင်း သွားလာရေးများ ဂရုစိုက်သင့်ဟု ဆို

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ(Asani)၏ အရှိန်ကြောင့် ယနေ့ နံနက် မှ မေ၁၃ ရက် အတွင်း မိုးရွာသွန်းခြင်း နှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကြိုတင် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၀ ရက်တွင်ပြောသည်။ဦးလှထွန်းက “ဆိုင်ကလုန်းမုန်တိုင်းက ပြတ်ထွက်လာတဲ့တိမ်တိုက်တွေပေါ့ ။ မုန်တိုင်းအဆောက်အအုံရဲ့ တိမ်တိုက်တွေက လေစီးကြောင်းတွေနဲ့ အတူ မြန်မာနိုင်ငံဘက်ကိုရောက်လာတယ်။ အဲဒါတွေကို မိုးတိမ်တောင် တွေလို့ခေါ်တယ်။ အဲဒါတွေမိရင် အဲဒါတွေကိုဖြတ်မိရင် လေယာဉ်က အန္တရာယ်ရှိတယ်။’’ ဟုပြောသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အာစန်နီ(Asani)၏ အရှိန်ကြောင့် ယနေ့နံနက်မှ မေ ၁၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

“မုန်တိုင်းက လောလောဆယ်တော့ အားကောင်းသော ဆိုင်ကလုန်းပေ့ါ။ နောက် ၃၆ နာရီလောက်ဆိုရင် တော့ မုန်တုင်းငယ်အဖြစ် အားပျော့သွားမယ်။ အားပျော့သွားပေမယ့် တိမ်တိုက်တွေက ဆက်ရှိနိုင်သေးတယ်။’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။

ထို့ပြင်ရေကြောင်းသွားလာရေးတွင်လည်း မုန်တိုင်းအရှိန်ကြောင့် ရာသီဥတုဆိုးရွားနိုင်ပြီး လေထန်၊ လှိုင်းကြီးနိုင်သောကြောင့် အထူးသတိပြုသင့်ကြောင့်၊မိုးတိမ်တောင်တွေ မှ လည်း လေဆင်နှာမောင်းဖြစ်နိုင်သောကြောင့် ရေကြောင်းသွားလာရေးတွင်လည်းအထူးဂရုပြုသင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.