Connect with us

Environment, Disasters & Accidents

ကျောက်ပန်းတောင်းတွင် ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မိပြီး လူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်း၊ ဇီးဖြူကုန်းရွာ အနီးတွင် စက်တင်ဘာ ၁၄ ရက်၊ ည ၈နာရီ ၂၅မိနစ်ဝန်းကျင်က ပုဂံမင်းသား ခရီးသည်တင်ယာဉ်နှင့် သန်မြန်သူ ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။“အခင်းဖြစ်တဲ့နေရာမှာ ၁၁ ဦး သေတယ်၊ ဆေးရုံရောက်တော့ အမျိုးသား ၂ ယောက်ထပ်သေတယ်၊ စုစုပေါင်း ၁၃ ဦး သေတယ်၊ သေတဲ့လူတွေက ဦးခေါင်းပွင့်ထွက်၊ မျက်လုံးပွင့်ထွက်ပြီး သေတာများတယ်” ဟု အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက် စစ်ဆေးသော ကျောက်ပန်းတောင်းမှ ရဲအရာရှိက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဒဏ်ရာရတဲ့အထဲ ၂ ဦး ၃ ဦးကတော့ အရေးပေါ်အခြေအနေပဲ၊ ကားကြားညပ်သွားတာ ဆွဲထုတ်ကယ်ထားရတယ်၊ ထုချေထားသလိုဖြစ်သွားတယ် ၊ သွေးထွက်တအားလွန်တဲ့လူနာတွေရော ၊ သန်မြန်သူခရီးသည်ယာဉ်က လူပိုသေဆုံးတယ်” ဟု ကျောက်ပန်းတောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်းက ပြောသည်။

ယင်း သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား မေတ္တာမွန်၊ ဆွေသဟာ၊ သုဂတိရှင်နှင့် မုဒိတာ စသည့် လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များဖြင့် ကျောက်ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဖြစ်ဖြစ်ချင်း ကားထဲက ၁၁ လောင်း ဆွဲထုတ်ရတယ်၊ နောက် ကားထဲညပ်နေသူတွေ ဆရာလေးတွေ ဆွဲထုတ်ကယ်ဆယ်ခဲ့တယ်၊ အဲဒီအထဲ ဒဏ်ရာပြင်းလို့ မေ့သွားသူတွေရော၊ တကယ့်တကယ် လူ ၃၀ ကျော်လောက် ထိခိုက်တယ်၊ ဒဏ်ရာမပြင်းဘူး ပွန်းတာပဲ့တာပဲမို့ ဆေးရုံမသွားဘဲ နီးစပ်ရာပြန်သွားကြတာလည်းရှိတယ်” ဟု သုဂတိရှင် နာရေးကူညီမှုအသင်းမှ ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လူ့အသက်များအား သေဆုံး/ဒဏ်ရာရရှိအောင် မဆင်မခြင်မောင်းနှင်ကြသော ယာဉ်မောင်းနှစ်ဦးကို ယာဉ်(ပ)၂/၂၀၂၂ ၊ရာဇသတ်ကြီးဥပဒေ ၃၀၄-က/၃၃၈/၃၇၇ ဖြင့် အရေးယူရန် အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.