Connect with us

Environment, Disasters & Accidents

နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကျော့ပြန် ငလျင်လှုပ်ရှားနိုင်သည့် အလားအလာများနီးကပ်လာကြောင်းဆို

ရန်ကုန်မြို့ (လှိုင်မြို့နယ်) ၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ တွင် လှုပ်ရှားခဲ့သော မိုးဇလမှ ထုတ်ပြန်သော ငလျင်လှုပ်ရှားမှုပြ ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အနီး ပဲခူးဒေသ၌ ၁၉၃၀ ပြည့်နှစ်က ငလျင်လှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့သောကြောင့် သုတေသနပြုချက်များအရ နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကျော့ပြန် ငလျင်လှုပ်ရှားနိုင်သည့် အလားအလာများနီးကပ်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၅ ရက်တွင်ပြောသည်။ဒေါက်တာယဉ်မျိုးမင်းထွေးက “တစ်ကျော့ပြန် ငလျင်ဆိုတာ ၂၀၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ငလျင်ကော်မတီရယ် ပြည်ပတက္ကသိုလ်တစ်ခုနဲ့ ပူးပေါင်းပြီး အတိတ်က ဖြစ်ခဲ့တဲ့ ငလျင်လှုပ်ရှားမှု ဖြစ်စဉ်ကို ပြန်လည်လေ့လာတဲ့အခါ နှစ်ပေါင်း ၁၆၀ အကြာမှာ ပြန်လည်လှုပ်ရှားနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးတွေ့ရှိရပါတယ်။ နောက်ဆုံးလှုပ်ရှားခဲ့တဲ့ ငလျင်က ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်ပါ။ နှစ်ပေါင်း ၁၆၀ ဆိုတာ ၁၆၀ ပြည့်မှ မဟုတ်ဘူး။ နှစ်ပေါင်း ၁၆၀ အတွင်းမှာ တစ်ကြိမ် ပြန်လည်လှုပ်ရှားနိုင်တယ်ဆိုတာတွေ့ရတယ်။ အခုကတော့ နှစ်ပေါင်း ၉၀ ကျော်နေပြီဖြစ်တဲ့ အတွက် အရင်ထက်စာရင် ငလျင်လှုပ်ရှားမှု အလားအလာက ပိုပြီးတော့များလာပါတယ်။’’ ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသော မြောက်မှတောင်သို့ သွယ်တန်းနေသော အဓိကသက်ရှင်ပြတ်ရွေ့ဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့၊ အရှေ့ဘက်ခြမ်းတွင် ကျောက်ကြမ်းပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ နန်းမပြတ်ရွေ့ များရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ခြမ်းတွင် ကဘော်ပြတ်ရွေ့၊ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် အိန္ဒိယမြေထုချပ်မှ မြန်မာမြေထုချပ်အောက်သို့ တိုးဝင်မှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်သော ငလျင်လှုပ်ရှားမှုများအားတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“ငလျင်လှုပ်ရှားမှုက ကမ္ဘာနဲ့တစ်ဝှမ်းမှာ အချိန်တိုင်းစက္ကန့်တိုင်းလှုပ်ရှားနေတယ်။ ဒီလှုပ်ရှားတဲ့ ဗဟိုချက်တည်နေရာနဲ့ ပြင်းအား အနေအထားမတူညီပေမဲ့ တစ်ကမ္ဘာလုံးမှာတော့လှုပ်ရှားနေတယ်။ ငလျင်လှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့ မြေထုချပ်လှုပ်ရှားမှုတွေ၊ နောက်ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ ပြတ်ရွေ့တွေရဲ့ ရွေ့လျားတဲ့နှုန်းတွေက လှုပ်ရှားမှုတွေက ယခင်ထက်စာရင် ပိုမိုပြီးရှိလာတဲ့အတွက် ငလျင်လှုပ်ရှားမှု activity ကလည်း ပိုမိုရှိလာတယ်။ ငလျင်လှုပ်ရှားမှု Activity ကလည်း ပြတ်ရွေ့ရဲ့တည်နေရာ အနေအထား၊ မြေထုချပ်တွေရဲ့ တည်နေရာအနေအထား တွေမှာ ငလျင်လှုပ်ရှားမှုများတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဇူလိုင်လထဲမှာ ဆိုရင် ၄ ကြိမ်လှုပ်ရှားတယ်။ ရှမ်းပြည်နယ် ကျိုင်းတုံမြို့အနီးမှာ ၂ ကြိမ်လှုပ်ရှားတယ်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့အနီးမှာ တစ်ကြိမ်လှုပ်ရှားခဲ့တယ်။ဒီနေ့မနက်က ရန်ကုန်မြို့လှိုင်အနီးမှာ လှုပ်ရှားခဲ့တယ်။’’ ဟုဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။

၁၉၃၀ ပြည့်နှစ် တွင် လှုပ်ရှားခဲ့သော ပဲခူးငလျင်သည် ပဲခူးဒေသကိုသာမက ရန်ကုန်မြို့ဘက်တွင်လည်း ထိခိုက်မှုရှိခဲ့ကြောင်း အထောက်အထားများအရ သိရသည်။
“ရန်ကုန်မြို့က ၁၉၃၀ ပြည့်နှစ်နဲ့ ယှဉ်ရင် အထပ်မြင့် အဆောက်အအုံတွေများပြားလာတယ်။ လူနေထိုင်မှုလည်း ပိုများလာတယ်။ ဒါကြောင့် တစ်ကျော့ပြန်ငလျင်သာ လှုပ်ရှားခဲ့မယ်ဆိုရင် ပဲခူးသာမက ရန်ကုန်မြို့ကို လည်း သက်ရောက်မှုတွေရှိနိုင်ပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ယနေ့ဇူလိုင် ၅ ရက် မြန်မာစံတော်ချိန် နံနက် (၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်က ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်-အနောက် တောင်ဘက် (၂) မိုင် ခန့်ကွာဝေးသော ရန်ကုန်မြို့၊လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)