Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ၈ခုတွင် အပျက်အစီးများစွာဖြစ်ပြီး လူ ၅ဦးသေဆုံး

ဆိုင်ကလုန်း မိုခါတိုက်ခိုက်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ အပျက်အစီးများတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက် တိုက်ခိုက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် ၈ခုတွင် အပျက်အစီးများစွာဖြစ်ပြီး လူ ၅ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ကြိုတင်ပြင်ဆင်မှုများကြောင့် မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက်သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး ယခုအချိန်အထိ သိရှိရသော သတင်းအချက်အလက်များအရ ၅ ဦးသာ သေဆုံးခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ယနေ့(မေ ၁၅ ရက်) နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သည့် “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ဆိုက်ကလုန်းမုန်တိုင်း မိုခါ တိုက်ခိုက်မှုကြောင့် စစ်တွေမြို့တွင် (၁)ဦး၊ တောင်ကုတ်မြို့တွင် (၁)ဦး၊ရေကြည်မြို့တွင် (၁)ဦး နှင့် ရှမ်းပြည်နယ် တာချီလိတ်တွင် (၂)ဦး စုစုပေါင်း (၅)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊မင်းပြား၊မြောက်ဦး၊မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်မြို့တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် အသေးစိတ် ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)