Connect with us

Environment, Disasters & Accidents

ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ကို နေအိမ်၌ သေနတ်ဖြင့်လာရောက်ပစ်သတ်

အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ NLD ကိုယ်စားလှယ် ဦးထိုက်ဇော်အားတွေ့ရစဉ် (ဓာတ်ပုံ-NLD )

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်တင် မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်ကို ယနေ့(နိုဝင်ဘာ ၂၁ရက်) ညနေ (၆)နာရီကျော်က နေအိမ်၌ သေနတ်ဖြင့်လာရောက်ပစ်သတ်သွားကြောင်း NLD ပါတီပြန်ကြားရေးဗဟိုကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆင်ဟွာသို့ပြောကြားသည်။

” သူ့အိမ်ရှေ့ကွမ်းယာဆိုင်မှာ ကွမ်းထွက်ယာတုန်း လာပစ်သွားတာ၊ ရင်ဘတ်ကိုထိတာ၊ ဆေးရုံကိုပို့ခဲ့ပေမယ့် မရတော့ပါဘူး၊ ဆုံးသွားတယ်၊ အိမ်သားတော့ ဘာမှမဖြစ်ပါဘူး၊ သူ့ကိုပဲ ထိတာ၊ဒီလိုအကြမ်းဖက်မှုမျိုးကို ရန်ကုန်ရော၊ အခြားနယ်တွေက လူတွေပါ သတိထားရတော့မယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ရှမ်းပြည်နယ် ကျောက်မဲမြို့ ၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း၊ မည့်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ၇ ရက်မြောက်နေ့၌ လည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးထွန်း၏ နေအိမ်ကို သေနတ်ဖြင့် နှစ်ချက် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)