Connect with us

Environment, Disasters & Accidents

ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်သူကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန် NLD ပါတီ အလေးအနက် တိုက်တွန်း

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ NLD ရွေးကောက်ခံ ကိုယ်စားလှယ် ဦးထိုက်ဇော်အားတွေ့ရစဉ် (ဓာတ်ပုံ -NLD )

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရှမ်းပြည်နယ် ကျောက်မဲမြို့ ပင်တိန်ကျေးရွာ၌ ယနေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်တင်မြှောက်ခံထားရသောကိုယ်စားလှယ် ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်သူကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အလေးအနက် တိုက်တွန်းကြောင်း ယနေ့ညပိုင်းတွင်ထုတ်ပြန်သော အထူးကြေညာချက်အရ သိရသည်။

ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူကို အရေးယူအပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် တိုက်တွန်းကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူလူထု၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်အား လက်နက်အားကိုးဖြင့် လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသေဆုံးမှုအပေါ် ဦးထိုက်ဇော်၏ မိသားစုနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်တစ်ရပ်လုံးက အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ရှမ်းပြည်နယ် ကျောက်မဲမြို့ ပင်တိန်ကျေးရွာရှိ ၎င်း၏နေအိမ်အရှေ့တွင် မသမာသူတစ်ဦး၏ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)