Connect with us

Environment, Disasters & Accidents

အာရှလမ်းမပေါ်၌ ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွားပြီး ၁၂ ဦးဒဏ်ရာရကာ ၂ ဦး စိုးရိမ်ရ

ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ -ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ )

ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် အာရှလမ်း နတ်စင်ကွေ့အနီး၌ ယနေ့(ဩဂုတ် ၄ရက်) ညနေ ၄နာရီ ၁၅ မိနစ်က ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ တိုက်မိခဲ့ပြီး လူ ၁၂ ဦးဒဏ်ရာကာ ၂ ဦး စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးသည့် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေက ပြောကြားသည်။

ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ – ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ )

ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ – ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ )

” ယာဉ်မောင်းနဲ့ နောက်တစ်ဦးကတော့ စိုးရိမ်ရလို့ ဘားအံဆေးရုံကြီးကို သွားပို့နေပါတယ်၊ ခရီးသည်ယာဉ်ပေါ် လူ ၄၀ ကျော်ပါတာ၊ ၁၂ ဦး ဒဏ်ရာရတာပေါ့၊ ကားသမားအပါ” ဟု ဥက္ကဋ္ဌ ဦးလှရွှေက ဆိုသည်။

ထိုင်းနိုင်ငံသို့အလုပ်သွားရောက်လုပ်ကိုင်မည့် MOU လုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်တင်ယာဥ်ကို ၂၂ ဘီးတွဲကားယာဥ်က လမ်းအကွေ့တစ်နေရာတွင် ယာဥ်နောက်တွဲဖြင့်ရိုက်မိသောကြောင့် MOU လုပ်သား ၁၁ ဦးနှင့် ယာဥ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

” ၂၂ ဘီးယာဉ်က ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်၊ ဒဏ်ရာရတဲ့လူတွေက ခေါင်းပေါက်၊ လက်ကျိုး၊ ခြေထောက်ထိတွေ များတယ် မစိုးရိမ်ရပါဘူး၊ ကားသမားကတော့ ညပ်နေတာ တော်တော်ထုတ်ယူရတယ်၊ သူက စိုးရိမ်ရတယ်”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ကျန် ဒဏ်ရာရရှိသူ ၁၀ ဦးကမူ ကော့ကရိတ်ပြည်သူ့ဆေးရုံ၊ အရေးပေါ်ဌာနတွင် ကုသမှုခံယူနေကြောင်း သိရသည်။ (Xinhua)