Connect with us

Politics, Law & Military

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၂၂၂၂.၈၅၀ ချီးမြှင့်မည်

ရန်ကုန်မြို့ရှိ ထီဆိုင်တစ်ဆိုင်တွင် ထီထိုးနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၁၇,၅၅၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေ ကျပ်သန်းပေါင်း ၂၂၂၂.၈၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့လက ထီစာအုပ်ပေါင်း ၃၀၄,၀၉၀ အုပ်ရောင်းနိုင်ခဲ့တော့ ပြီးခဲ့တဲ့လထက် ထီစာအုပ် ၁၃,၄၆၀ ကို ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ချီးမြှင့်ခဲ့တဲ့ဆုငွေက ကျပ်သန်းပေါင်း၂၁၂၈. ၆၃၀ ဖြစ်ပါတယ်။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၃၀ ရက်တွင် ပြောသည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည အက္ခရာ အထိ စုစုပေါင်းအက္ခရာ ၁၀ လုံးတွင် ထီစာအုပ် ၃၁၇,၅၅၀ အုပ်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၃၁၇၅.၅၀၀ ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၂၂၂၂.၈၅၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ခြောက်ဆု၊ ကျပ်သိန်းငါးဆယ် ၁၁ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၃ ဆု၊ ကျပ်ဆယ်သိန်း ၁၂ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၁၂,၀၀၀ ဆု စသည့် ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေဖြစ်သော ကျပ်သန်း ၁၀၀.၉၀၀ မှ ကျပ် ၁၀ သိန်း ငါး ဆု၊ ကျပ်သုံးသိန်း ၅ဝ ဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.