Connect with us

Environment, Disasters & Accidents

မေ ၈ ရက်မှ ၁၃ ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးဦးကာလ စတင်ရောက်ရှိနိုင်

၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်တောင်ပိုင်းဒေသများသို့ မေလ ၈ ရက်မှ ၁၃ ရက်အတွင်း ဝင်ရောက်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးဦးကာလ စတင်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၈ ရက်တွင်ပြောသည်။

ဦးလှထွန်းက “မြန်မာနိုင်ငံ တောင်ပိုင်းကို မုတ်သုံအရင်ဝင်မှာဆိုတော့ မြန်မာနိုင်ငံတောင်ပိုင်းကနေ မိုးဦးစမယ်။ မေ ၂၇ ရက်ကနေ ဇွန် ၄ ရက်အတွင်းကတော့ တစ်နိုင်ငံလုံးကို မုတ်သုံဝင်မယ်လို့ခန့်မှန်းရပါတယ်။ ဒီနှစ်မိုးရာ သီကတော့ မိုးဦးကောင်းနိုင်တယ်။ မိုးလယ်ကညံ့ပြီး မိုးနှောင်းကတော့ ပုံမှန် အခြေအနေရှိနိုင်မယ် လို့ ခန့်မှန်းရပါတယ်’’ ဟုပြောသည်။

မုတ်သုံမဝင်ခင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ် ကို ပြန်ကြည့်ရင် မုန်သုံဝင်ဖို့ မုန်တိုင်းကို အားကိုးရတဲ့ အနေအထားရှိတယ်။ ဒီနှစ်လည်း ဒီလိုပါပဲ။ မုတ်သုံဝင်ဖို့အတွက် တွန်းအားတစ်ခုလိုနေတော့ ဒါကလည်း မုန်တိုင်းပဲဆိုတော့ ဒီနှစ်လည်း မုန်တိုင်း ကို အားကိုးရမယ်လို့ ထင်ပါတယ်။ အခုမုတ်သုံဝင်မယ့်ရက်ကို ခန့်မှန်းတဲ့အခါမှာလည်း ကျွန်တော်တို့ အနေနဲ့ လေစီးကြောင်း တွေကို အဓိကကြည့်ရတယ်။မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံဝင်မယ့် အချိန်မတိုင်ခင်မှာ မုန်တိုင်းဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မေ ၁၄ ရက်မှ ၂၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊
မေ ၂၁ ရက် မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်
မေ (၂၇)ရက်မှ ဇွန်လ (၄)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)