Connect with us

Myanmar

မြန်မာအားကစားအဖွဲ့များ ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက် မှ စတင်၍ လေ့ကျင့်မည်

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာအားကစားအဖွဲ့များသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက် မှ စတင်၍ လေ့ကျင့်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က “ကျန်တဲ့ အားကစားနည်းတွေကိုလည်း ပြိုင်ပွဲနဲ့ ပြင်ဆင်မယ့် အချိန်ပေါ်မူတည်ပြီး စခန်းသွင်းလေ့ကျင့်မှုတွေ ဆောင်ရွက်မှာပါ။ COVID-19 ကပ်ရောဂါကြောင့် ၃၁ ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလ မှာမှ ကျင်းပနိုင်ခဲ့တဲ့အတွက်၊ ၃၁ ကြိမ်မြောက်ဆီးဂိမ်းနဲ့ ၁ နှစ်ပဲ ကွာတဲ့အတွက် မြန်မာအားကစား အဖွဲ့တွေ အနေနဲ့လည်း တစ်လကျော်ပဲ အနားယူပြီး ပြန်ပြီးလေ့ကျင့်ဖို့ စီစဉ်တာပါ’’ ဟု ဆင်ဟွာသို့ ပြောသည်။

၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် မေ ၅ ရက် မှ ၁၆ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့များအနေဖြင့် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းအများစုအား အခြေခံ၍ ပြန်လည် လေ့ကျင့်ရန်စီစဉ်ထားကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ဆွတ်ခူးရရှိခဲ့သည်။ (Xinhua)