Connect with us

Myanmar

COVID-19 အလွန် ပရိသတ်များရှေ့မှောက် ပထမဆုံး လက်ဝှေ့ပြိုင်ပွဲ ပြန်လည်ကျင်းပဟုဆို

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ထိုးသတ်မှုများအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်လာခဲ့ပြီးနောက် ပရိသတ်များ ဝင်ရောက်ကြည့်ရှုအားပေးနိုင်သည့် လက်ဝှေ့ပြိုင်ပွဲအား ပထမဆုံးအနေဖြင့် ပြန်လည်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည် ။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ထိုးသတ်မှုများအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ထိုးသတ်မှုများအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဒီပွဲ အရှေ့မှာ မျိုးဆက်သစ်ပွဲတွေ ကျင်းပပါတယ် ။ ဒီကာလမှာ စိန်ခေါ်မှုတွေကတော့ အမျိုးမျိုးပါပဲ ။ ဒီနှစ်ကာလမှာ လုပ်ရတာလဲ အင်မတန်မှ တာဝန်ကြီးပါတယ် ။ အခုဆိုရင် ပရိသတ်အပါ ပွဲထည့်တာပေါ့ ။ ပထမ မျိုးဆက်သစ်ပွဲတွေမှာ ပရိသတ် မပါဘူး ။ အခုပွဲမှာ နိုင်ငံတော်ကလဲ ခွင့်ပြုလာပြီ ဆိုတဲ့အခါကျတော့ COVID-19 ရောဂါကလဲ ကင်းလာပြီ ဆိုတဲ့အခါကျတော့ ပွဲကို လူကိုယ်တိုင် လာရောက်ကြည့်ရှုလို့ ရတဲ့အဆင့်အထိ ဆောင်ရွက်တာပါ ။ ပရိသတ်ပါတာ ဒီပွဲက အစ ပထမဆုံးပါ” ဟု မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည် ။

SKYNET နှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲအား ယနေ့ ဇွန် ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားကွင်း၌ စတင် ကျင်းပပြုလုပ်ခဲ့သည် ။

“ပွဲက မကျင်းပရတာ ကြာပြီလေ ။ လက်ဝှေ့ပွဲတွေက သုံးနှစ်လောက် ကင်းကွာသွားတာပေါ့ ။ ပထမကတော့ မျိုးဆက်သစ်တွေ နှစ်ပွဲလောက် ကျင်းပပြီးသွားပြီ ။ အခုကတော့ SKYNET ရွှေအောင်လံပွဲ ကျင်းပတာပေါ့ ။ ကစားသမားတွေကို ဆီးဂိမ်းကို ဝင်ပြိုင်နိုင်အောင် ရွေးချယ်ချင်လို့ရယ် ၊ ပရိသတ်တွေ တောင့်တနေတဲ့စိတ်ကို ဖြည့်ဆည်းပေးချင်လို့ ဒီပွဲကို ကျင်းပတာပါ”ဟု အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦးက ပြောကြားခဲ့သည် ။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ၆၀ ကီလိုဝိတ်တန်း ၊ ၆၃ ဒဿမ ၅ ကီလိုဝိတ်တန်း ၊ ၆၇ ကီလိုဝိတ်တန်း နှင့် ၇၀-၇၁ ကီလိုဝိတ်တန်း စသဖြင့် စုစုပေါင်း ဝိတ်တန်း ၄ ခုနှင့် စိန်ခေါ်ပွဲ ၂ ပွဲ အပါအ၀င် ပွဲစဉ်ပေါင်း ၂၆ ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည် ။ (Xinhua)