Connect with us

Myanmar

အသင်းပေါင်း ၉ သင်းပါဝင်မည့် MFF Futsal League II 2023 ခြေစစ်ပွဲစဉ်များ အောက်တိုဘာ ၂၀ ရက်တွင် စတင်မည်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- MFF Futsal)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

အသင်းပေါင်း ၉ သင်းပါဝင်မည့် MFF Futsal League II 2023 ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ မီဒီယာအရာရှိ ဦးညီညီမိုးအောင်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- MFF Futsal)

MFF Futsal League II 2023 ခြေစစ်ပွဲစဉ် ဇယားကို တွေ့ရစဉ် (ဓာတ်ပုံ- MFF Futsal)

အဆိုပါ အသင်းပေါင်း ၉ သင်းကို အုပ်စု ၃ စုခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယ အသင်းများ၊ အကောင်းဆုံး အုပ်စု တတိယ နှစ်သင်းတို့သည် MFF Futsal League II 2023 ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိမည် ကြောင်း သိရသည်။
MFF Futsal League II Qualifier 2023 အုပ်စု (က) တွင် Seven FC, Noka FC, Black Cross ၊ အုပ်စု (ခ)တွင် SGF FC, Sun Far FC, City Dagon FC ၊ အုပ်စု (ဂ)တွင် Royal Yangon Group, Maryar FC, KKY FC တို့ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

MFF Futsal League II 2023 ပွဲစဉ်များကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နံနက် ၉ နာရီ၊ နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီ အချိန်တို့တွင် တစ်ရက်လျှင် ၃ ပွဲနှုန်းဖြင့် ကျင်းပသွားမည် ဖြစ်ပြီး လာရောက်ကြည့်ရှုမည့် ပရိသတ်များကို ကွင်းဝင်ကြေးအဖြစ် တစ်ဦးလျှင် ၂,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ကွင်းက ပရိသတ် အယောက် ၃,၀၀၀ လောက် ကြည့်ရှုလို့ရပါတယ်။ တစ်ရက်မှာ ၃ ပွဲကန်မှာ။ ကွင်းဝင်ကြေးက ၂,၀၀၀ ကျပ်နဲ့ဝယ်ယူထားရင် အဲဒီနေ့မှာ ကစားတဲ့ ၃ ပွဲလုံးကို ကြည့်လို့ရပါတယ်။ လက်မှတ်က ပွဲနေ့မှာပဲ ရောင်းမှာပါ” ဟု ဦးညီညီမိုးအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)