Connect with us

Myanmar

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့လက်ရွေးစင် ဝူးရှူးအားကစားသမားများ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်လျက်ရှိ (အင်တာဗျူးဆောင်းပါး)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရုံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်း ဝင်ရောက်ယှဉ်ပြိုင်ရမည့်ရက် နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် ဝူရှူး အားကစားသမားများသည်လည်း ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်လျက်ရှိသည်။

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရုံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရုံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရုံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရုံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမား ၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက်တွင် မမြတ်နိုးအိမ်က ထိုက်ကျိချွမ်နဲ့ ထိုက်ကျိကျန့်၊ စက်တင်ဘာ ၂၅ ရက်တွင် ကိုစွမ်းရည်ထက်နိုင်က ထိုက်ကျိချွမ်နဲ့ ထိုက်ကျိကျန့် ၊ စက်တင်ဘာ ၂၆ ရက်တွင် မအေးသစ္စာမြင့်က နန်းချွမ်နှင့် နန်းသောင်း၊ စက်တင်ဘာ ၂၇ ရက်တွင် မစန္ဒီဦးက ကျန့်စု နှင့် ချန်းစု စသည့် ဝူရှူးအားကစားနည်း တို့ကိုအသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ နည်းပြဖြစ်သူ မဆွေဆွေသန့်က “အခု ယှဉ်ပြိုင်ရမှာက အာရှအားကစားပြိုင်ပွဲဖြစ်တယ်။ အဲဒီတော့ Level တစ်ခုအရ မြင့်မားတဲ့ ပြိုင်ပွဲကြီးဖြစ်လို့ ဆီးဂိမ်းပြိုင်ပွဲအပြီး အနားပေးကာလပြီးဆုံးတာနဲ့ ဇူလိုင် ၁ ရက်နေ့မှာ ပြန်လည်စခန်းသွင်းပြီးတော့ ထရိန်နင်ကို ကျွန်မတို့ ပြင်းထန်စွာ လေ့ကျင့်ခဲ့ကြပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။
ထိုသို့လေ့ကျင့်ပြင်ဆင်ရာတွင် အားကစားသမားများ၏ နေထိုင်စားသောက် မှုများကိုလည်း အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဆွေဆွေသန့်က “လေ့ကျင့်ပြင်ဆင်တဲ့အခါမှာ အားကစားသမားတွေရဲ့ နေထိုင်စားသောက်မှုတွေကိုလည်း ကျွန်မတို့ အထူးဂရုစိုက်ပြီး အနီးကပ်အုပ်ချုပ်ကွပ်ကဲပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ကာယပညာသိပ္ပံကျောင်းရဲ့ စားရိပ်သာမှာ ကျွေးမွေးပြုစုပါတယ်။ ကျန်းမာရေးနဲ့ တစုံတရာ ထိခိုက်၊ ဖျားနာတာရှိရင် အားကစားနဲ့ ကာယပညာသိပ္ပံကျောင်းရဲ့ ဆေးခန်းမှာ သွားရောက်ကုသမှုတွေ လုပ်ပါတယ်” ဟု ပြောသည်။

လေ့ကျင့်မှုများကို တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ၂ ကြိမ်လေ့ကျင့်ကြောင်း၊ တစ်ပတ်လျှင် ၁၀ ကြိမ် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ခုနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝူရှူးအားကစားနည်းမှ ဆုတံဆိပ်များရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မစန္ဒီဦး က “ညီမက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၆ ကြိမ်မြောက် အာရှအားကစားပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ အခုက တရုတ်နိုင်ငံမှာ အာရှအားကစားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ရမှာဖြစ်လို့ ညီမအနေနဲ့ ဆီးဂိမ်းထက် ပိုပြီးတော့ ခက်ခဲတဲ့ကစားကွက်တွေ၊ ပိုပြီးတော့ ကိုက်ညီမယ့်ကစားကွက်တွေကို အများကြီး ပြောင်းလဲထားပါတယ်။ ပြောင်းလဲပြီးတော့မှ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

အာရှအားကစားပွဲသည် ဆီးဂိမ်းထက် ပိုမိုယှဉ်ပြိုင်သူများသောကြောင့် ပိုမိုခက်ခဲစွာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပြောကြားချက်အရ သိရသည်။

မစန္ဒီဦးက တရုတ်နိုင်ငံတွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အတွေ့အကြုံနှင့် ပတ်သက်၍ “ညီမက ၁၆ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ တရုတ်နိုင်ငံကို ရောက်ဖူးတော့ အတွေ့အကြုံအရ အာရှအားကစားပြိုင်ပွဲတွေက အရမ်းကို ခက်ခဲပါတယ်။ အရမ်းကို စိတ်ဖိစီးမှုတွေလည်း များခဲ့တယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ရှိသလောက်ကိုချပြမယ်ဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။ အဲဒီပြိုင်ပွဲမှာ ညီမက ငွေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။ အခု ဒီပြိုင်ပွဲအတွက်လည်း အမြင့်ဆုံးဆုတံဆိပ်ကိုမှန်းပြီး ကြိုးစားပြင်ဆင်နေပါတယ်။ ညီမတို့ကစားနည်းက ပြောရတော့ခက်တယ်။ အပြင်မှာ ၁၀ ခေါက်ငြိမ်ပေမဲ့ ပြိုင်ပွဲမှာတစ်ခေါက်ယိုင်ရင် သွားပြီပေါ့နော်။ အခုလို ပြိုင်ပွဲကြီးကြတော့ နည်းနည်းအမှားအယွင်းရှိတာနဲ့ ၁ ကနေ ၁၀ ကိုဝင်ဖို့တောင် မလွယ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်အတွက် အမှားအယွင်းမရှိပဲ အပြည့်အဝကစားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အများကြီးဖြည့်တင်းထားပါတယ်။ တကယ်လို့ ညီမပွဲမှာ အမှားအယွင်းမရှိဘဲ ကစားနိုင်ရင်တော့ ၁ ကနေ ၃ အတွင်း ဝင်နိုင်မယ်လို့ ထင်ပါတယ်” ဟုပြောသည်။

မြန်မာ့လက်ရွေးစင် အားကစားသမားများ အနေဖြင့် အမြင့်ဆုံးဆုတံဆိပ်ကိုသာ ရည်မှန်း၍ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၇ နှစ်ကနေ စပြီး ဝူရှူး ကစားခဲ့သည့် အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားဖြစ်သူ မအေးသစ္စာမြင့်က “ညီမက အာရှအားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ စပြီးယှဉ်ပြိုင်ဖူးတာပါ။ အဲဒီတုန်းက ညီမ အစာအိမ်အောင့်တာဖြစ်ခဲ့တဲ့အတွက် အဆင့် ၄ နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ အခု ကိုယ့်အတွက် အခွင့်အရေးအနေနဲ့ အာရှအားကစားပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခွင့်ရလာလို့ ရှေ့တစ်ခေါက်မှာ မှန်းထားတဲ့ပန်းတိုင် မရခဲ့ပေမဲ့ အခုဒီတစ်ခေါက်မှာ ကြိုးစားပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ စဉ်းစားထားပါတယ်” ဟုပြောသည်။

မြန်မာ့လက်ရွေးစင် အားကစားသမားအနေဖြင့် လေ့ကျင့်ပြင်ဆင်သည့်အချိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါကလည်း စိတ်ဓာတ်ခွန်အားဖြင့် အပြင်းအထန်ဆက်လက်လေ့ကျင့်ခဲ့ကြကြောင်း အားကစားသမားများ၏ ပြောကြားချက်အရ သိရသည်။

“ပွဲအတွက်ကတော့ ဒီပွဲမတိုင်ခင် SEA Games ပြိုင်ထားတော့ ၁ လ လောက်နားပြီးတော့ ဇူလိုင်လလောက်ကစပြီး camp ဝင်ပြီး အခုအချိန်အထိ ပြင်ဆင်ခဲ့တာပါ။လေ့ကျင့်ပြင်ဆင်တဲ့အခါမှာ ဒဏ်ရာလေးတွေရတာရှိတယ်။ အသက်အရွယ်အရရော၊ ဒဏ်ရာအရရော စိတ်ရှိပေမဲ့ ပင်ပန်းမှုဒဏ်ကို ခံရတာမျိုးရှိတယ်။ အဲဒါမျိုးအခက်အခဲကို စိတ်ဓာတ်နဲ့ပဲထိန်းပြီး ကြိုးစားခဲ့ရပါတယ်။ အရမ်းပင်ပန်းစွာ လေ့ကျင့်ခဲ့ရတာတွေရှိပါတယ်။ နောက်ပြီး ညီမ ၂၀၁၉ ခုနှစ် တုန်းက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ လုပ်မယ့် ပွဲကို မသွားခင် အရင်က ဟန်ကျိုးမြို့မှာ ၁ လ သွားပြီး လေ့ကျင့်ခဲ့တာရှိပါတယ်။ဟန်ကျိုးမြို့လေးက ခေတ်လည်းမီတယ်။ ပြီးတော့ သန့်သန့်ရှင်းရှင်းနဲ့ အတော်ကို လှပတဲ့မြို့လေး ဖြစ်ပါတယ်။ ညဘက်တွေသွားတဲ့အခါမှာလည်း မီးတွေဆင်ထားတာက မြို့ရဲ့အလှကို ပိုပြီးပေါ်လွင်စေပါတယ်။ အခုက ဒုတိယအကြိမ်မြောက်သွားရမှာပါ။ ပျော်လည်း ပျော်တယ်။ ရင်လည်းခုန်ပါတယ်” ဟုပြောသည်။

နည်းပြဖြစ်သူ မဆွေဆွေသန့်ကလည်း “၂၀၀၀ ပြည့်နှစ် တုန်း က ကျွန်မကစားသမားဘဝမှာ ဟန်ကျိုးမှာ ၁၀ လကျော်လောက် ထရိန်နင်သွား လေ့ကျင့်ခဲ့ဖူးပါတယ်။ နှစ် ၂၀ ကျော် ကြာခဲ့ပါပြီ။ ဟိုးအရင်တုန်းကလည်း ဟန်ကျိုးမြို့က လှပတဲ့မြို့ဖြစ်တယ်။ အခုအချိန်မှာဆိုရင် ပိုပြီးလှပတဲ့မြို့ဖြစ်မှာပါ။ ဟန်ကျိုးရဲ့ထူးခြားချက်က ပန်းချီကားတစ်ချပ်လို အရမ်းလှပတဲ့မြို့ဖြစ်ပါတယ်။ အခုလို နှစ် ၂၀ ကျော်မှ ဟန်ကျိုးကို တစ်ခေါက်ပြန်သွားရမှာကို အရမ်းပျော်ရွှင်မိပါတယ်” ဟု ဟန်ကျိုးမြို့သို့ ရောက်ရှိခဲ့သော ၎င်း၏ အတွေ့အကြုံနှင့်ပတ်သက်၍ ပြုံးရွှင်စွာပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားအဖွဲ့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)