Connect with us

Myanmar

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ရက်) နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင် FORD EVEREST မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၈ ကီလိုဂရမ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံ နှစ်ဦးတို့ နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အားလည်းကောင်း၊ ထပ်မံပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်း အတွင်းရှိ TOYOTA ALPHARD ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလိုဂရမ်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀ ကီလိုဂရမ်အားလည်းကောင်း ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုဂရမ်နှင့် ကက်တမင်း ကီလိုဂရမ် ၅၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ တစ်ဦးအား ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အနောက်မြို့ရှောင်လမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်၍ ခေတ္တသိုလှောင်ထားရှိကာ ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)