Connect with us

Politics, Law & Military

ကျောင်းသားများ သပိတ်လှန်ပြီး နေရပ်ပြန်ရန် ဝန်ကြီးတိုက်တွန်း

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး (၄) ပွင့်ဆိုင် ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်နေသော သပိတ်မှောက်ကျောင်းသားများ သပိတ်လှန်ပြီး နေရပ်ပြန်ရန် ဖေဖော်ဝါရီ ၁ ရက်နေ့ ရန်ကုန် စိန်ရတုခန်းမတွင်ပြုလုပ်သော လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းပြောကြားသည်။

“ကျွန်တော့်ဘက်က ခိုင်ခိုင်မာမာ ပြောတာက ဒီနေ့ ဆွေးနွေးပွဲ စတင်ပြီ။ နောက်ထပ်လည်း ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်း ကျွန်တော်တို့ ဆုံးဖြတ်ပြီးပြီ။ အဲဒါကြောင့်မို့လို့ သပိတ်လှန်ပါလို့ပဲ ကျွန်တော်က ပြောချင်တယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

သပိတ်တွင်ပါဝင်သော ကျောင်းသားများ ဆွေးနွေးသည့် အချက် (၉)ချက်တွင် ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သော မည့်သူကိုမှ သပိတ်နှင့် ပတ်သတ်ပြီး အရေးမယူရန် အချက်ဆွေးနွေးစဉ် ဝန်ကြီးဦးအောင်မင်းသည် ပုပ္ပားထိသာ လုံခြုံရေးတာဝန်ယူကြောင်းနှင့် ကျောင်းသားများ သပိတ်လှန်ပြီး နေရပ်ပြန်ကြရန် တိုက်တွန်း ဆွေးနွေးခဲ့သည်။

“ဒီဆွေးနွေးပွဲဟာ ကျွန်တော်တို့ လိုချင်တဲ့ ပညာရေးစနစ် မရနိုင်ရင် သပိတ်တွေအားလုံး ပြန်စပြီး ဒီထက်ပြင်းတဲ့ပုံစံနဲ့ သပိတ်မှောက်သွားမယ်” ဟု သပိတ်မှောက် ကျောင်းသား တစ်ဦးက ဆိုသည်။

ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့် ကျောင်းသားများ အပါအဝင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောင်းသားများ တင်ပြချက်များအနက် လက်ရှိ ဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂများကို အသိအမှတ်ပြုရန်၊ ပညာရေး မူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား၊ ဆရာ ကိုယ်စားလှယ်များ ပါဝင်ရန် ဆိုသည့် အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပြီး ညနေ ၇ နာရီခန့်တွင် အချက် (၈) ချက်ကို ပြင်ဆင်ချက်တချို့နှင့် သဘောတူညီမှု ရရှိခဲ့သည်။

ဆက်လက်ပြီး ကျန်ရှိနေသော အချက်များကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)