Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် (၂၇) ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

၁၂-၉-၂၀၁၈ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် National Convention Center ၊ Plenary Hall ၌ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားနှင့် ASEAN priorities in the age of the Fourth Industrial Revolution တို့သို့ ဗီယက်နမ်ကွန်မြုနစ်ပါတီ အထွေထွေ အတွင်းရေးမှူး မစ္စတာငုယင်ဖူးကျောင့်(Mr. Nguyen Phu Trong)၊ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့ အကြီးအကဲများ၊ စီးပွားရေး ထိပ်တန်းအရာရှိကြီးများ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr. Klaus Schwab က အဖွင့်အမှာစကား ပြောကြားပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres မှ ပေးပို့သော သဝဏ်လွှာအား လက်ထောက် အတွင်းရေးမှူးချုပ် Mr. Fabrizio Hochschild ကဖတ်ကြားသည်။ ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phuc ၊ အာဆီယံလက်ရှိ ဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ် H.E. Mr. Lee Hsien Loong၊ အထူး ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Hu Chunhua တို့က အသီးသီး အဖွင့်အမှာ စကားများ ပြောကြားကြသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အင်ဒိုနီးရှားသမ္မတ Mr. Joko Widodo ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Mr. Samdech Techo Hun Sen ၊ လာအိုဝန်ကြီးချုပ် H.E. Mr. Thongloun Sisoulith၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုတိယ ဝန်ကြီးချုပ် Mr. Prajin Juntong တို့က စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလတွင် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် (၂၇) ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် (ဓာတ်ပုံ–နိုင်ငံခြားရေးဝန်ကြီးဌာန)

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် National Convention Center ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Klaus Schwab မှ တည့်ခင်းဧည့်ခံသော နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် ဒေဝူးဟိုတယ်၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Taro Kono အား လက်ခံတွေ့ဆုံ၍ မြန်မာ-ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်အစိုးရမှ အပြုသဘော ဆောင်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ စာမျက်နှာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး စသည့် ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် National Convention Center ၌ ကျင်းပ ပြုလုပ်ခဲ့သည့် မဲခေါင်ဒေသအတွက် အမြင်သစ် “A New Vision for Mekong Region” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ အစီအစဉ်သို့ အခြား မဲခေါင်အဖွဲ့ဝင် (၄) နိုင်ငံမှ အစိုးရအဖွဲ့အကြီး အကဲများနှင့်အတူ မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အမြင်သစ်များ ခေါင်းစဉ်အောက်တွင် သဘောထားများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ဇနီးက National Convention Center ၏ Banquet Hall ၌ တည့်ခင်းဧည့်ခံ ကျင်းပသည့် ညစာစားပွဲနှင့် ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်သို့ တက်ရောက်ခဲ့ကြောင်း၊ ၁၃-၉-၂၀၁၈ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် National Convention Center၊ Plenary Hall ၌ “A Conversation with Daw Aung San Suu Kyi, State Counsellor of Myanmar” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ Mr. Borge Brende က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ရခိုင်ပြည်နယ်အခြေအနေ၊ မြန်မာနိုင်ငံ၌ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် National Convention Center (NCC) ရှိ ဖိုရမ်ဥက္ကဋ္ဌရုံးခန်း၌ ကမ္ဘာ့စီးပွားရေး ဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် Mr. Klaus Schwab နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ် သမ္မတ H.E. Tran Dai Quanအား နိုင်ငံတော်သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ ဆွေးနွေးရာ၌ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ညီမမြို့တော်များ တိုးချဲ့တည်ထောင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှုနှင့် ချစ်ကြည်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဗီယက်နမ်နိုင်ငံ ၏ ထောက်ခံ အားပေးမှု၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှု ပိုမိုပြုလုပ်ရေး စသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ၁၃-၉-၂ဝ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.