Connect with us

Politics, Law & Military

အခွန်အများဆုံး ပေးဆောင်သူ ၄၅ ဦးအား သမ္မတ ဆုချီးမြှင့်

အခွန်ထမ်းကြီးများအား ဂုဏ်ပြုလွှာ ချီးမြှင့်ပွဲတွင် နိုင်ငံတော် သမ္မတ မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူတို့ ထည့်ဝင်ထားသည့် အခွန်ငွေများအား အကျိုးရှိအောင် စိစစ် သုံးစွဲလျက်ရှိသည်ဟု နိုင်ငံတော် သမ္မတက ယနေ့ နေ့လယ်ပိုင်းတွင် ပြောကြားခဲ့သည်။

“အခွန်ငွေတွေကို ပြည်သူ့ အကျိုးပြု လုပ်ငန်းများမှာ ထိထိရောက်ရောက် သုံးစွဲရေး၊ အလေအလွင့် မရှိအောင် စီမံခန့်ခွဲရေး ဆိုတဲ့ ဦးစားပေး လုပ်ငန်းများနဲ့ အညီ အကျိုးရှိအောင် စိစစ် သုံးစွဲ ဆောင်ရွက်လျက်ရှိပါတယ်” ဟု သမ္မတ အိမ်တော်၌ ယနေ့ နေ့လယ် ပြုလုပ်သော အခွန်ထမ်းကြီး များအား ဂုဏ်ပြုလွှာ ချီးမြှင့်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ လူမှု စီးပွား ဘ၀ တိုးတက် မြင့်မားလာရေး တို့အတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်း ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက် အခဲများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ မှန်ကန်သော အခွန် ပေးဆောင်မှုများဖြင့် နိုင်ငံတော်၏ အသုံးစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေခြင်းသည် နိုင်ငံတော်အတွက် အင်အားတစ်ရပ် ဖြစ်ပေါ်စေကြောင်း၊ အခွန်ထမ်း ပြည်သူများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါ ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတက ဂုဏ်ပြုလွှာများ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အခွန်ထမ်းကြီးများအား ဂုဏ်ပြုလွှာ ချီးမြှင့်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ်တရဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

၂၀၁၇ – ၁၈ စည်းကြပ်နှစ် အတွက် အခွန်အများဆုံး ပေးဆောင်သူများအနက်မှ လုပ်ငန်းရှင် ၄၅ ဦးတို့အား ယနေ့ နေ့လယ်ပိုင်းတွင် သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုလွှာ များ ချီးမြှင့်ပေးအပ်ခြင်းမပြုမီ အထူးဂုဏ်ထူးဆောင်ဆုနှင့် အထူးဂုဏ်ပြု မှတ်တမ်းလွှာကို ၂၀၁၁- ၁၂ မှ ၂၀၁၇ – ၁၈ စည်းကြပ်နှစ်အထိ ခုနစ်နှစ် ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတက ပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် ဂုဏ်ပြုလွှာများ ဆက်လက် ချီးမြှင့်ခဲ့ရာ မြန်မာကုမ္ပဏီ လုပ်ငန်းများမှ ဝင်ငွေခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၁၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်း ရှင် ၁၀ ဦး၊ အထူး ကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၁၀ ဦး၊ ပုဂ္ဂလိကပိုင် နိုင်ငံခြား ကုမ္ပဏီများမှ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင် ငါးဦး၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ငါးဦး၊ အထူး ကုန်စည်ခွန် အများဆုံး ပေး ဆောင်ခဲ့သည့် လုပ်ငန်းရှင် ငါးဦး စုစုပေါင်း ၄၅ ဦးတို့ ဆုလက်ခံ ရရှိခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.