Connect with us

Politics, Law & Military

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက် ၅၅ ဦးအားလွတ်ငြိမ်းသက်သာခွင့်ပြု 

၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက် ၅၅ ဦးအား ယနေ့နံနက်ပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပြီး ၃၈ ဦးအားလျှော့ရက်များ ခံစားစေခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် (၁၃) ဦးပါဝင်ကြောင်းသိရသည်။

ထို့ပြင် လျှော့ရက်များ ရရှိခံစားရသူ (၃၈) ဦးတွင် ဂုဏ်ထူး ၂ ဘာသာနှင့်အထက်ရရှိသူ ၂ ဦး၊  ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။  

၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး လျှော့ရက်များ ခံစားစေခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)