Connect with us

Politics, Law & Military

ငွေကြေး ဖောင်းပွမှုနှုန်းများ သိသိသာသာ မြင့်တက်မလာရေး မှုဝါဒများ အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ လွှတ်တော်သို့အစီရင်ခံတင်ပြ

မြန်မာ ကျပ်ငွေ များ (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်နေသည်နှင့် အမျှ ငွေကြေး ဖောင်းပွမှု နှုန်းများသည် မြင့်တက်လျှက် ရှိသဖြင့် ငွေကြေး ဖောင်းပွမှုနှုန်းများ သိသိသာသာ မြင့်တက်မလာရေး အတွက် ငွေကြေးမှုဝါဒနှင့် ဘဏ္ဍာရေး မှုဝါဒကို အထူး ဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ ဇူလိုင်လ ၁၆ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၄-၂၀၁၅ ၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ သဘောထား မှတ်ချက်တွင် ဘတ်ဂျတ် လိုငွေကို ဗဟိုဘဏ်မှ ချေးယူ ဖြည့်ဆည်းသည့် နည်းလမ်းအား လုံးဝစွန့်လွှတ်သင့်ပြီ ဖြစ်ကြောင်းနှင့် အစိုးရ ငွေတိုက်လက်မှတ် လေလံပွဲများတွင် အတိုးနှုန်းများကို ဈေးကွက် နှုန်းထားများအတိုင်း တိုးမြှင့်ပေးသွားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြား ငွေလဲလှယ်နှုန်းများအရ ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ပြင်ပ ဈေးကွက် ပေါက်ဈေးနှင့် ကွာခြားမှု များလာသည်ကို တွေ့ရသဖြင့် ကွာခြားမှု ကျဉ်းမြောင်းရေး အတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျပ်ငွေတန်ဖိုးကို တင်းတင်း ကြပ်ကြပ် ထိန်းထားခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်နိုင်သဖြင့် အထူး ဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင် ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် ကုန်သွယ်မှု လိုငွေပြခြင်းသည် ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် လျော့နည်း လာသော်လည်း လိုငွေပြလျှက်ပင် ရှိနေသေးသည်ကို တွေ့ရှိရသဖြင့် နိုင်ငံခြား အရန်ငွေကို လျော့နည်း စေလျက် ရှိသည်။၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ ၁,၆၉၇ . ၉၃ ကျပ် ဘီလီယံ ပိုမို ဖြစ်ပေါ်စေခဲ့သည်။ကုန်သွယ်မှု လိုငွေ လျော့နည်းရေး ၊ ကုန်သွယ်မှု ပိုငွေ ဖြစ်ပေါ်စေရေး အတွက် ထုတ်လုပ်မှု တိုးမြှင့်လာရေး ၊ ပို့ကုန် တိုးမြှင့် လာရေးများကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ Article 4 Mission အဖွဲ့နှင့် ဇွန်လ ၂၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ငွေကြေး ဖောင်းပွမှုကို အဓိက ဖြစ်ပေါ်စေသော ဘတ်ဂျက် လိုငွေကို ဗဟိုဘဏ်မှ ချေးယူ ဖြည့်ဆည်းသည့် နည်းကို ၂ နှစ်အတွင်း ရပ်တန့်သင့်ကြောင်း ၊ အခြား နိုင်ငံများတွင်လည်း ကျင့်သုံးခြင်း မရှိကြောင်း သိရပါသည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.