Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက် လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းပါ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltdနှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါပထမအဆင့် စာရင်းပါကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding – ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိလျက်ရှိကြောင်း ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ယခုအခါ အဆိုပါပထမအဆင့်ပါ ကျေးရွာများ အတွက် တည်ဆောက်တပ်ဆင်ခြင်းတင်ဒါကို (National Competitive Bidding – NCB) စနစ်ဖြင့် တင်ဒါခေါ်ဆိုခဲ့ပြီး နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များ ပါဝင်မည့်တင်ဒါ စိစစ်ရေး အဖွဲ့ဝင်များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ခဲ့ပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများအား စာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတင်ဒါ အောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှု အသေးစိတ် ဆောင်ရွက်ပြီး လုပ်ငန်းများအမြန်စတင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification Plan – NEP)၏ စီမံချက် ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကိုရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အတွင်း ရှိကျေးရွာ ၅၀၈၀ ရွာကိုဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နိုင်မည်ဖြစ်ပြီးပထမအဆင့် စီမံကိန်းပြီးစီးပါကကျေးရွာပေါင်း ၅၀၈၀ ရွာရှိအိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်ပါကျေးရွာများအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် တည်ဆောက်ရေး တင်ဒါ ၁၂ ခုကိုခေါ်ဆိုခဲ့ရာယခုစာချုပ် ချုပ်ဆိုခြင်းသည် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိကျေးရွာ ၄၈၂ ရွာကိုဓာတ်အားရရှိနိုင်ရေးအတွက် ပထမဦးဆုံးချုပ်ဆိုသည့် စာချုပ်ဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီး သွားပါက မီးလင်းနိုင်မည့် အိမ်ထောင်စုအရေအတွက်မှာ ၅၂၂၄၇ စုဖြစ်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စီမံကိန်းလုပ်ငန်းများပြီးစီးမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကျန်တင်ဒါများ အားလုံးကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးစေရန် ကမ္ဘာ့ဘဏ်၏လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.