Connect with us

Politics, Law & Military

စစ်ကျန်မိုင်းများ ရှင်းလင်းရေး ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေး နေ့  အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး အဖွင့် မိန့် ခွန်း ပြောကြားနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခု တို့တွင် မိုင်းများနှင့် ပေါက်ကွဲစေနိုင်သည့် စစ်ကျန် လက်နက် ပစ္စည်းများ ရှင်းလင်းရေး ကို တိုးချဲ့ဆောင်ရွက် သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ယနေ့နံနက်တွင် ပြောကြားခဲ့သည်။

“လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနဟာ ဆက်စပ်ဝန်ကြီး ဌာနများ၊ UNICEF, INGOs, NGOs တို့နဲ့ ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့ကို ၂၀၁၂ ဧပြီ ၂၇ ရက်မှာ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်၊ ဖွဲ့စည်းခဲ့ တုန်းက မိုင်းအန္တရာယ် အသိပညာပေးခြင်း ဖြစ်တဲ့ မိုင်းများနဲ့ပေါက်ကွဲနိုင်တဲ့ စစ်ကျန် လက်နက် ပစ္စည်းများကြောင့် ရရှိနိုင်တဲ့ အန္တရာယ်တွေ လျှော့ချဖို့ သတင်းအချက် အလက် တွေ ဖြန့်ဝေတာ၊ သင်တန်းတွေ ပို့ချတာ၊ အသိပညာပေးတာတွေကိုပဲ ဆောင်ရွက်ဖို့ ရည် ရွယ်ခဲ့ တာပါ၊ အခုတော့ မိုင်းကြောင့် ထိခိုက်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းများ အပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုပါ တိုးချဲ ့ဆောင်ရွက် သွားပါမယ်” ဟု နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်တွင် ယနေ့နံနက် ၁၀ း ၀၀ နာရီ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသ်ပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီ ပေးရေး နေ့ အခမ်းအနားတွင် ၎င်းက ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီ ပေးရေး နေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မရမ်ဂျာဆိုင်းခွန် မိန့်ခွန်း ပြောကြားနေစဉ်။(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီ ပေးရေး နေ့ အခမ်းအနားတွင် ယူနီဆက်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ ဘတ်ထရန် ဘိန်းဗဲလ် မိန့်ခွန်း ပြောကြားနေစဉ်။(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေး နေ့ အခမ်းအနားတွင် မိုင်းအန္တရာယ် ခံစားရသူ ကော့ကရိတ်မြို့မှ ဦး မြင့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောကြားနေစဉ်။(ဆင်ဟွာ)

အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ထိုသို့မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး မှသာ ပြုလုပ်ရန် စီစဉ်ထားရှိသော်လည်း ကုလ သမဂ္ဂ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီသို့ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအပေါ် ကုလ ကော်မတီက မြန်မာနိုင်ငံ အနေဖြင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင်းမှာ ရှိသော ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်မှုများ မြှင့်တင် ဆောင်ရွက်ရန် လိုကြောင်း မှတ်ချက်ပြုခဲ့ သည့် အတွက် ယခုကဲ့သို့မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်သွားရန် စတင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ယနေ့အခမ်းအနားသို့ ကချင်ပြည် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် မရမ်ဂျာ ဆိုင်းခွန်၊ မိုင်းအန္တရာယ် အသိပေးရေး လုပ်ငန်းအဖွဲ့ တွဲဖက်ဥက္ကဋ္ဌ၊ ယူနီဆက်၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘတ်ထရန် ဘိန်းဗဲလ်နှင့် လုပ်ငန်း အဖွဲ့ဝင် ကိုယ်စားလှယ် များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ INGOs, NGOs များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် မရမ်ဂျာ ဆိုင်းခွန်နှင့် မစ္စတာ ဘတ်ထရန် ဘိန်းဗဲလ်တို့က အမှာစကား အသီးသီးပြောခဲ့ကြသည်။

မိုင်းအန္တရာယ် အသိပေးရေး လုပ်ငန်းအဖွဲ့ တွဲဖက်ဥက္ကဌ၊ ယူနီဆက်၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘတ်ထရန် ဘိန်းဗဲလ်ကလည်း “ယူနီဆက်နဲ့မိုင်းအန္တရာယ် ကာကွယ် တားဆီးရေး လုပ်ငန်း အဖွဲ့ (MRWG) ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူ ၂၉၈ ဦး ရှိတဲ့အတွက် သုံးရက်မှာ တစ်ဦး ထိခိုက်နစ်နာ နေတယ် လို့တွက်ဆနိုင်ပြီး သုံးဦးထဲက တစ်ဦးဟာ ကလေးငယ်ဖြစ်နေပါတယ်၊ ထိခိုက် နစ်နာသူ လေးဦးမှာ တစ်ဦးက အသက် ဆုံးရှုံးနေတာပါ၊ ကလေး တစ်ယောက် ခြေတစ်ဖက် ဆုံးရှုံးသွားရင် သူ့ဘဝကတွက် ခြေတု ၅၀ ခု လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အင်မတန် အရေးပါတဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေအပေါ်မှာ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် သက်ရောက်မှုများစွာ ဖြစ်ပွားနိုင်တာကို ကျွန်တော်တို့ သတိ ရှိရပါမယ်၊ မြန်မာနိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်မှုမှာ မိုင်းအန္တရာယ်က တားဆီး ပိတ်ဆို့ နေပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.