Connect with us

Politics, Law & Military

စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှုများ မြင့်တက်လာဟု ပြည်ထဲရေးဝန်ကြီးဆို

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အထူးအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု အပိုင်း၌ ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှုများသည် ပြည်တွင်း/ ပြည်ပတွင် မြင့်တက်လာကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပြဿနာနှင့်ပတ်သက်ပြီး စိုက်ပျိုးမှုပြဿနာ၊ ထုတ်လုပ်မှုပြဿနာ၊ သယ်ဆောင်ရောင်းဝယ်မှု ပြဿနာနှင့် သုံးစွဲမှုပြဿနာတို့ကို ရင်ဆိုင်နေရကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမှုအနေဖြင့်၂၅ရာခိုင်နှုန်း ၊ ထုတ်လုပ်မှု အနေဖြင့် ၁၄ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အထူးအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သုံးစွဲမှုအပိုင်းတွင်ဘိန်း/ ဘိန်းဖြူသုံးစွဲမှု ပြဿနာတွေ၊ ဘိန်းဖြူထိုးသွင်းခြင်းကြောင့်ဖြစ်ရသည့် HIV ကူးစက်မှုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ အမျိုးသား ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးအစီအစဉ် စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်တွင် မူးယစ် ဆေးဝါးကတစ်ဆင့် ကူးစက်မှုနှုန်း ၁၈ ရာခိုင်နှုန်း ထိမြင့်တက်လာတာကို တွေ့ရကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေး စသည့်ကဏ္ဍအားလုံးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပျက်စီးဆုံးရှုံးစေလျက် ရှိတာကို တွေ့ရှိရပါကြောင်း ၎င်းက ပြောသည်။

မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေကို ပြင်ဆင် ပြဌာန်းခဲ့ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် တစ်ရပ်ကိုလည်း ရေးဆွဲပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြောင်းလဲကျင့်သုံးလာမည့် မူဝါဒ၊ ဥပဒေများနှင့် အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မူးယစ်ဗဟိုအဖွဲ့၏ အဆင့်ဆင့်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များမှ ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးထိန်းချုပ်မှုပုံစံတွေအပေါ် အခြေခံပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။

နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုစည်းခန်းမ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အထူးအစည်းအဝေးအား ယနေ့ နေ့လည်တွင် ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.