Connect with us

Politics, Law & Military

ဆန္ဒ ဖော်ထုတ်ရာတွင် ခွင့်ပြုမိန့်၊ ခွင့်ပြုချက် အစား အသိပေး တင်ပြ၍ ပြုလုပ်နိုင်မည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော်၌ လက်ခံ ဆွေးနွေးမည်

ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၅ ရက် (ဆင်ဟွာ)

နိုင်ငံသားများ စုဝေး လှည့်လည် ဆန္ဒ ဖော်ထုတ်ရာတွင် သက်ဆိုင်ရာသို့ခွင့်ပြုမိန့်၊ ခွင့်ပြုချက် အစား အသိပေး တင်ပြ၍ ပြုလုပ်နိုင်ရန် ပြင်ဆင်ထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယနေ့မေလ ၅ ရက် အမျိုးသားလွှတ်တော်တွင် ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ အမည်ဖြင့် ပြဌာန်းခဲ့ပြီး ဥပဒေတွင် ခွင့်ပြုမိန့်ရယူရန် နေရာတွင် ခွင့်ပြုချက်ဟု ပြောင်းလဲပြီး ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းခဲ့ကြောင်း ၊ ယခု ဥပဒေမှာ ထိုဥပဒေ နှစ်ရပ်လုံးကို လွှမ်းခြုံ ပယ်ဖျက်ပြီး ဒီမိုကရေစီ စံနှုန်းများနှင့် အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက်များ အစား ပြည်သူလူထုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များတွင် ပြဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ အခွင့်အရေးများကို စနစ်တကျ ရယူသုံးစွဲ ဆောင်ရွက်နိုင်ရန် ယခု ဥပဒေကို တင်သွင်းရခြင်း ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထိုအဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ထောက်ခံခဲ့သဖြင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသည့်အတွက် လက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ယခုလိုမျိုး လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ကို ပေးသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အဖျက်အမှောင့် လုပ်ရပ်များဖြင့် နှောက်ယှက် ဖျက်ဆီးမည့် သူများ၏ အန္တရာယ်မှ ကာကွယ်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာ မြတ်ဉာဏစိုးက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုဥပဒေကြမ်းတွင် ခွင့်ပြုမိန့်၊ ခွင့်ပြုချက်ဆိုသည့် နေရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အသိပေး တင်ပြချက်ဆိုပြီး ပြောင်းလဲထားကြောင်း ၊ ဥပဒေအရ စည်းကမ်း ဖောက်ဖျက်မှု များကို အရေးယူ ဆောင်ရွက်ရာတွင် နဂို ဥပဒေများတွင် ကန့်သတ်ချက်များ မပါဝင်ဘဲ ယခုတွင် မည်သူမဆို ဥပဒေပါ ပြစ်မှု တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို သက်ဆိုင်ရာ တရားရုံးသို့၁၅ ရက်အတွင်း တရားစွဲဆို တင်ပို့ရမည်ဆိုသည့် ကန့်သတ်ချက်ကို ထည့်သွင်းထားကြောင်း ၊ အရေးယူသည့် အခါတွင် ဆက်စပ် မြို့နယ်များ ရှိနေပါက မြို့နယ်တရားရုံး အများကြီးတွင် တရားစွဲဆိုခံရမည့် အစား ပြစ်မှုကို စတင် ဖောက်ဖျက် ကျူးလွန်သည့် မြို့နယ် တရားရုံးကသာ စီရင်ပိုင်ခွင့် ရှိသည်ဆိုသည်ကို ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.